အမှတ်တမဲ့မှသည်…..

အမှတ်တမဲ့မှသည်…..

မနေ့ကသမီးလေးနဲ့ လမ်းဆင်းလျှောက်တော့ သမီးလေးက ရုတ်တရက် ကောင်းကင်ကိုလမ်းညှိုးထိုးပြီး “မေမေ့သဲသဲစို့တော့မယ်” လို့ပြောလေရဲ့။ အစကတော့ ကျွန်မနားမလည်လိုက်ဘူး။ ပြီးမှ ခုနလေးက ပျံသွားတဲ့ငှက်အုပ်ကိုတွေ့မှ ပြုံးမိတော့တယ်။ မီးလေးညနေစာစားတဲ့အချိန်တိုင်းက ငှက်တွေအိမ်ပြန်ကြတဲ့အချိန်မို့ ဝရံတာထွက်ကြည့်ရင် အုပ်လိုက်ပျံသန်းနေကြတာ တွေ့ရလေ့ရှိတယ်။ သမီးလေးကိုထမင်းကျွေးရင်း ငှက်ကလေးတွေလည်း သူ့မေမေဆီပြန်ပြီး သဲသဲပြန်စို့ကြပြီတွေ့လား။ သမီးလေးလည်း မန်မန်စားနော်။ သူတို့တောင် သဲသဲပြန်စို့ပြီလို့ သူမလေး ၁ နှစ်မပြည့်ခင်ကတည်းကပြောနေကျစကားကို သူမလေးမှတ်ထားတာပေကိုး။ 

ဒီကလေးလေးသေးသေးလေးတွေကို ထိန်းကျောင်းနေရ အနီးကပ်ဘာမဆိုပြောပြနေရတဲ့အမေတစ်ယောက်အနေနဲ့ ကိုယ့်အပြုအမူအပြောအဆိုအကုန်လုံးက တမင်မရည်ရွယ်ပဲ ကလေးကိုသင်ကြားနေတာမဟုတ်ပဲနဲ့ ကလေးတွေတတ်မြောက်တတ်လာကြပါတယ်။ အထူးသဖြင့် ၂ နှစ်ပြည့်ခါနီးမှ စတင်သတိထားမိလာတယ်။ မသင်ထားတဲ့စကားလုံးတွေတတ်လာတယ်။ မသင်ပေးတဲ့အမူအယာတွေလုပ်တတ်လာတယ်။ အိမ်ကလူတွေလေသံ ပြောဟန် ပြောစကားတွေကို သူ့ဘာသာမှတ်ယူပြီး လိုက်ပြော လုပ်ပြတတ်လာတယ်။ အဲ့ဒီ့အတွက် အရာရာကိုလိုချင်ရင် အော်ပြီးမတောင်းတတ်တဲ့ကလေးမဖြစ်အောင် သူမကို မအော်မိအောင်ကြိုးစားရပါတယ်။ လိုရာမရရင်ဒေါသတွေထွက်နေတဲ့ကလေးမဖြစ်အောင် ကျွန်မပြောစကားသူနားမထောင်တဲ့အခါတိုင်းဒေါသထွက်ဖို့ထက် နားလည်အောင်ရှင်းပြဖို့ကို အတော်ကြိုးစားယူရပါတယ်။ သူမလေးက ဘာမဆို လိုက်လုပ်တော့မှာ မဟုတ်လား။

ကျွန်မ ခဏ ခဏ ပြောဖူးပါတယ်။ ကျွန်မသမီးက ကျွန်မရဲ့ အနုပညာပါဆိုတာလေးလေ။ သမီးငယ်ခေါင်းထဲကိုထည့်ပေးနေမိတဲ့တွေးခေါ်မှုတွေ အဖြစ်အပျက်တွေကို တုံ့ပြန်မှုတွေက တကယ်တော့ ကိုယ်လိုချင်သလိုပုံသွင်းဖို့ သူမဖြစ်တည်မှုတွေအကုန်လုံး အကောင်းချည်းဖြစ်နေဖို့ဆိုတာ တကယ်ကိုခက်ခဲလှပါတယ်။ ငှက်ကလေးတွေဥပမာကိုပဲကြည့်ပေါ့။ တကယ်လို့သာ သမီးလေးကို “ဒီငှက်တွေဟာဆိုးတဲ့အတွက် စားစရာတောင်မရှိဘူး လိုက်ရှာနေရတယ် ကြည့်ပါဦး။ သမီးလေးက လိမ္မာလို့ မေမေက ထမင်းတောင် ခွံ့ကျွေးနေတာ ပါးစပ်လေးဟလိုက်ပါဦး” လို့များပြောခဲ့မိရင် ခုချိန်မှာ သမီးလေးမှာ ဒီလိုမကောင်းမြင်စိတ်တွေရှိနေရောပေါ့။ ငှက်ဆိုးတယ်။ မလိမ္မာဘူးဆိုတဲ့စကားတွေနဲ့ ငှက်မြင်တိုင်း နှာခေါင်းရှုံ့ချင်စိတ်နဲ့ကြည့်နေတော့မှာပဲနော်။ တကယ်တော့ သမီးလေးငယ်တုန်း ဘာရယ်မဟုတ်ပဲ ကျွန်မပြောမိတာလေးပါ။ ခုတော့ အများကြီးသိလာရပြီ။ သမီးလေးကို အပြုသဘောဆောင်တဲ့စိတ် အကောင်းမြင်တဲ့စိတ်လေးတွေကို အမေဆီကနေအများကြီး ကိုယ်မသင်ပေးတောင် သူသင်ယူနေတာဆိုတာကိုပါ။

ကျွန်မအိမ်ထောင်မကျခင်က အသိမိသားစုနဲ့ တက်စီစီးတုန်းက ၅နှစ်လောက်ရှိတဲ့သားငယ်လေးက သားကစာကြိုးစားတယ်။ စာမတတ်ရင် တက်စီမောင်းနေရမှာလို့ပြောပါတယ်။ အဲ့ဒါကို တက်စီသမားကကြားပြီး ငါဘွဲ့ရပါတယ်ကွာ ပညာတတ်ပါလို့ပြန်ပြောတာကို ကျွန်မသဘောကျလို့ ရီဘူးတယ်။ ဒါပေမဲ့ ဒီအဖြစ်အပျက်လေးကို အခုပြန်စဉ်းစားတော့ သားလေးအတွေးတွေကို ဘောင်တွေခတ်ထားတာပဲလို့ တွေးမိလာတယ်။ ကျွန်မဖတ်ဖူးတဲ့ ဘာသာပြန်ကာတွန်းလေးတွေလည်း စိတ်ထဲမှာအစီအရီပေါ်လာတော့တယ်။ တစ်ကွက်ကာတွန်းလေးတွေပေမဲ့ စကားလုံးတွေအများကြီးပြောပြနေသလိုပါပဲ။ ကလေးလေးက ပင်လယ်ပြင်က ကြယ်ငါးလေးတွေကောက်တဲ့အခါ သူ့ဖေဖေက ကြယ်ငါးလေးရဲ့မိသားစုတွေ ပင်လယ်ထဲမှာရှိတာကိုပြန်လွှတ်ပေးဖို့ပြောတာလေး၊ လမ်းပေါ်ကပန်းလေးလှလို့ ကလေးလေးကခူးချင်တဲ့အခါ သဘာဝရဲ့အလှတရားကို တန်ဖိုးထားတတ်ဖို့ပြောတာလေးတွေ သိပ်ကိုသဘောကျမိတာပါပဲ။ ယဉ်ကျေးပြီး အကောင်းမြင်တတ်တဲ့ကလေးလေးတစ်ယောက်ကနေ လူငယ်လေးတစ်ယောက်ဖြစ်တဲ့အထိ လူကောင်းလေးတစ်ယောက် စာနာတတ်တဲ့သူတစ်ယောက်ဖြစ်လာဖို့ မိဘတွေရဲ့ ကဏ္ဍက သိပ်ကိုအခရာကျတာပဲနော်။ ကျွန်မ မိဘဖြစ်လာမှ တကယ်ကို အံ့သြဖို့ကောင်းတာတွေ အများကြီးကို သိလာ တွေ့လာရတာပါပဲ။

ကလေးလေးအတွက် ရှေ့လျှောက်အများကြီး ဆင်ခြင်ရဦးမှာပါပဲ။ အများကြီးလည်း ဆင်ခြင်ခဲ့ပြီးပါပြီ။ အကောင်းမြင်စိတ်တွေလည်းအများကြီးထားတတ်ခဲ့ပြီ။ ကျွန်မရဲ့ အနုပညာလက်ရာလေး တစ်ဖြည်းဖြည်းနဲ့တော့ ရုပ်လုံးပေါ်လာနေပြီ။ တကယ်တော့လည်း ကလေးလေးတစ်ယောက်ကို လူသားဆန်စွာ လူလားမြောက်အောင် ပြုစုပျိုးထောင်ဖို့ သိပ်တော့မခက်ခဲပါဘူး။ မိမိကိုယ်တိုင် လူသားဆန်တဲ့လူသားတစ်ယောက်ဖြစ်နေဖို့ပဲလိုတာမဟုတ်လား။ ကျွန်မတော့ လူပီသစွာနေထိုင်မိနေတာ ကလေးလေးမေမေဖြစ်လာကတည်းကပါပဲ။ ရှေ့လျှောက်လည်း သူမလေးနဲ့ ကူညီဖေးမတတ်တဲ့စိတ် အကောင်းမြင်တတ်တဲ့စိတ် ဖြူစင်တဲ့စိတ်လေးတွေနဲ့ ရှေ့ဆက်နေပါဦးမည်။

မေဂျူး

1.8.2017 (Tuesday)

သမီးလေး ၂နှစ် ၃၀ရက် အမှတ်တရ

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *