အရာအားလုံးကို ချစ်ခြင်းဖြင့် အနားသတ်ထားသည်

ဒီနေ့အလုပ်ပြန်လာတဲ့အခါ လူကပင်ပန်း အိပ်ချင် ဗိုက်ကလည်းဆာနေတယ်။ အိပ်ယာပေါ် ပစ်လှဲပြီး ပြန်မထချင်တော့ဘူး။ တစ်ခုခုစားဖို့တောင် ကိုယ်လက်မသယ်ချင်မိဘူး။ တမှေးလောက်ပဲ အိပ်လိုက်မယ်လို့ကြိုးစားနေချိန်မှာ သမီးလေးက မုန့်ဘူးတွေကိုင်ပြီး မွေ့ယာပေါ်ပြေးတက်လာတယ်။ အဲ့အချိန် မုန့်ရယ် မုန့်ကရတဲ့အနံ့ရယ်ကြောင့် လှိုက်ခနဲပျော်သွားတာပဲ။ “မေမေရေ အရသာရှိတယ် မေမေစားကြည့်ပါလား” တဲ့။ ပြီးတော့ ဇွန်းပါသွားပြေးယူပေးတယ်။ အမေအရသာရှိစွာစားပြတာကို ပြုံးပြီးကြည့်နေတဲ့ မီးငယ်လေးကိုကြည့်မိတဲ့အခါ ကိုယ့်ကိုကိုယ်ပြန်မြင်မိတယ်။ သူမရဲ့အကြည့်တွေဟာ ချစ်ခြင်းတွေနဲ့ အနားသတ်ထားတယ်ဆိုတာ ကိုယ့်ရဲ့နှလုံးသားဟိုးအောက်ဆုံးကနေ ခံစားမိလိုက်လေရဲ့။

မိဘနဲ့သားသမီးကြားကဆက်ဆံရေးကို ဂျူးက အမြဲကဗျာတွေဖွဲ့ပြီး အသေးစိတ်ခံစားကြည့်တယ်။ သမီးအကြောင်းပြောရရင် ခြေဖဝါးထိပ်လေးကနေ ဆံနွယ်ထိပ်ဖျားလေးအထိ ကျွန်မက ကဗျာတွေရေးဖွဲ့တတ်တယ်။ လူသားတစ်ယောက်ကို အဆုံးစွန်သောချစ်ခြင်းမျိုးနဲ့ ချစ်ကြည့်ဖူးချင်တယ်။ ဘာကိုမှထပ်မလိုတော့ပဲ ဘာကိုမှမမြင်တော့ပဲ ဒီလူအတွက်ပဲ စက္ကန့်တိုင်းအသက်ရှင်နေတာမျိုးပေါ့။ ဟုတ်တယ် ကိုယ်က ဤသို့ချစ်တတ်ကြည့်ချင်တယ်။

ဆိုလိုချင်တာ ပထမဦးဆုံးမိခင်ဖြစ်လာတဲ့အတွက် ကိုယ်ဟာ ဘာမှ မသိနားမလည်ခဲ့ဘူး။ ကိုယ့်ကိုကိုယ်   သမီးလေးအတွက် ဘယ်တော့မှ လုံလောက်တယ်မထင်မိဘူး။ ဒါပေမဲ့ ဒီအပေအတေအမျိုးသမီးတစ်ယောက်ကို ချစ်ခြင်းကသာ အရာရာဦးဆောင်သွားခဲ့လို့ ဒီထိခရီးရောက်လာနိုင်ခဲ့တာ။ သမီးလေး ဗိုက်ထဲမှာထဲက ဒီမေမေဟာ “သမီးလေးမွေးလာရင် မေမေမကျေနပ်တဲ့သူတွေအကြောင်း အကုန်တိုင်ပြောမယ်” လို့ မေမေက ဗိုက်လေးကိုပွတ်ရင်း စကားတွေပြောခဲ့တာ။ သမီးလေးမွေးတော့လည်း တောက်လျှောက်ပဲ ဘာပဲလုပ်လုပ်ပြောပြရမှ။ ဘာအကြောင်းထူးရှိရှိ သူ့ကိုအရင်ပြောပြရမှ။ ဘာလေးဝယ်လာဝယ်လာ ဒါကိုဘယ်လိုတွေးပြီး ဘာကြောင့်ဝယ်လာတယ်ဆိုတာ သူမဆီအရင်ပြောပြတယ်။ သူမလေးက ကိုယ့်ရဲ့ သူချင်းကောင်းတစ်ယောက်လိုပဲ အမြဲနားထောင်ပေးတယ်။

အဲ့အကျင့်လေးကို ကိုယ်ကတော့ စွဲလန်းနှစ်သက်စွာနဲ့ပြုမူမိတယ်။ ဘာတွေဖြစ်လာဖို့ သမီးကဘယ်လိုဖြစ်လာဖို့အတွေး လုံးဝကိုမရှိခဲ့ဘူး။ ချစ်ခြင်းကနေတစ်ဆင့် သူ့အလ်ိုလိုဖြစ်တည်လာတာလေးပေါ့။ ခုတော့ ဒီအမူအကျင့်လေးဟာ သူမဆီကိုပါရောက်သွားစေတာလား။ အရုပ်တို့ အဝတ်အစားတို့ဝယ်ပေးတဲ့အခါ ဝယ်လာတဲ့အခါ ဒီတိုင်းပဲမပေးပဲ သူ့ကိုတဖွဲ့တနွဲ့ပြောပြလေ့ရှိတယ်။ “မေမေက ဒီဂါဝန်လေးမြင်တော့ မေမေ့သမီးနဲ့အရမ်းလိုက်မှာပဲဆိုပြီး ဝယ်လာတာဆိုတာမျိုး” “ဒီမုန့်လေး သမီးငယ်ငယ်တုန်းကအရမ်းကြိုက်တာ။ မေမေတွေ့တာနဲ့ပျော်ပြီးဝယ်လာတာ ဆိုတာမျိုး” အရာဝတ္ထုတွေထဲမှာတောင် ချစ်ခြင်းတွေထည့်ပြီးပေးဖြစ်တယ်။ ဘာမဆို ချစ်ခြင်းနဲ့ အနားသတ်ထားတာပေါ့ဗျာ။ ခုတော့ ကျွန်မသမီးလေးက ကျွန်မကိုပါ သူမအပြုအမူ အပြောအဆိုတွေမှာ ချစ်ခြင်းတွေပါထည့်ပေးတတ်လာပြီ။

ဒါလေးကကျွန်မ ဘယ်စာတွေ ဘယ်website တွေကမှ ဖတ်လို့ ကလေးအတွက်ကောင်းတယ်ဆိုပြီး ပြုမူခဲ့တာမဟုတ်ပါဘူး။ သမီးပေါ်ချစ်တဲ့စိတ်နဲ့ လူသားလေးတစ်ယောက်ဖြစ်တည်မှုကို အရေးတယူရှိတဲ့စိတ်နဲ့ အရာအားလုံးကို ပထမဆုံးအဖြစ်သင်ယူနေတဲ့ကလေးကို ချစ်ခြင်းနဲ့လမ်းပြချင်တဲ့စိတ်နဲ့ လူသားဆန်တဲ့အမူအကျင့်လေးတစ်ခု ကျွန်မမှာရခဲ့တာပါ။ ဒီနေ့တော့ မုန့်စားရင်း မျည်ရည်ဝဲခဲ့ရတဲ့အကြောင်းလေး စာရေးပြချင်လို့ ထိုင်ရေးလိုက်တယ်။ ဗိုက်အရမ်းဆာတဲ့အချိန်မှာ အရသာအရမ်းရှိတာတွေ ကိုယ့်ရှေ့ထိယူလာပေးလို့ ကျေးဇူးပါ ကျေးဇူးရှင်လေးရယ်။ အမေကဘယ်လောက်ပဲ ကလေးအတွက်ပိုက်ဆံရှာတယ်ပြောပြော မေမေ့ဗိုက်ကိုဖြည့်ပေးတာ ကလေးလေးဖြစ်နေတယ်။ ကလေးလေးပဲရှိပါတယ် ဒီမေမေဘဝမှာတော့။ ကလေးလေးရဲ့မေမေဖြစ်ရတာ ထိုက်တန်တယ်လို့ အကြိမ်ကြိမ်အခါခါတွေးရင်းနဲ့…..

မေဂျူး

14.01.21 (ကြာသာပတေး)

သမီးလေး ၅နှစ် ၆လ ၁၂ရက်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *