အခုကိုယ်နဲ့အတူတူအလုပ်တွဲလုပ်နေရတဲ့အထက်လူကြီးက ဘယ်တော့မှ ကိုယ့်စားပွဲကိုလာပြီး နင်အခုဘာလုပ်နေတာလဲ နင်ငါခိုင်းတာမလုပ်ဘူးလား ငါပြောတာအရင်လုပ်လို့ ဘယ်တော့မှပြောလေ့မရှိဘူး။ ဘယ်တော့မှ ကိုယ့် Computer desktop ကိုလာမကြည့်ဘူး။သူနဲ့အတူတူအလုပ်တွဲလုပ်တဲ့ကိုယ်ကလည်း ဒါမပြီးသေးလို့ပါ ဒါကဒါကြောင့်မို့လို့စတဲ့ reason တွေနဲ့ဘယ်တော့မှ အကြောင်းပြပြီး အလုပ်
ကိုမရွှေ့ဆိုင်း ဆင်ခြေတွေအပုံလိုက်မပေးခဲ့ဖူးဘူး။ ငယ်ငယ်တုန်းက ၁၀တန်းကျောင်းသားဘဝကို သွားသတိရမိတယ်။ အဲ့တုန်းက rain နဲ့ အွန်စောရဲ့ အချစ်စံအိမ်ကားလေးလာနေတယ်။ ဒါပေမဲ့ဘယ်တော့မှမကြည့်ရဘူး။ ၁၀တန်းကျောင်းသားမို့စာလုပ်ရမယ်ဆိုပဲ။ တကယ်လို့ အဲ့ကားသာပေးကြည့်ရင် ဇာတ်ကားလာချိန်ကိုယ်ကြည့်ချင်တာကြည့်ပြီးရင် စာလုပ်ဖြစ်ရင်ဖြစ်ဦးမှာ။ ကြည့်ခွင့်ကိုပိတ်ပင်တဲ့အခါ ဇာတ်ကားလာတဲ့အချိန်လည်းစာမလုပ်ဘူး။ ပြီးသွားတော့လည်းမလုပ်ဘူး။ အဲ့လိုကို ဂျစ်ပစ်တာ။
ဒါကြောင့် မျက်စိဒေါက်ထောက်ကြည့်ပြီး လက်ညှိုးထိုးပြီးခိုင်းနေရတဲ့အလုပ်တွေဟာ ပိုကောင်းမွန်မယ်။ outcome က ပိုကောင်းမွန်မယ်လို့မယုံကြည်ဘူး။ ထွက်လာတဲ့ result ချင်းတူရင်တောင် လုပ်ဆောင်ရတဲ့သူရဲ့စိတ်ခံစားချက်ကွာလိမ့်မယ်။ တစ်ယောက်က ကိုယ်လုပ်စရာရှိလို့လုပ်ရတဲ့အတွက် ပေါ့ပေါ့ပါးပါးဖြတ်သန်းခဲ့ရပေမဲ့ တစ်ယောက်ကတော့ဖိအားတွေနဲ့ ကျော်လွှားခဲ့ရမယ်။
ဆံပင်ညှပ်ဆိုင်တစ်ဆိုင်မှာ ခေါင်းသွားလျှော်တုန်းက ဆိုင်ထဲမှာ LCD TV အကြီးကြီးနဲ့ အပေါ်ထပ်က မူလတန်းအရွယ်ကလေးလေးစာရေးစားပွဲခုံမှာထိုင်ပြီး စာလုပ်နေတာကို CCTV နဲ့တိုက်ရိုက်ထိုင်ကြည့်နေတာတွေ့ရတယ်။ ကလေးရပ်တာနဲ့ စာလုပ်လေ ဘာညာနဲ့အော်တာပဲ။ ကိုယ်သာဆို သူတို့အိပ်နေတုန်း မတော်တဆလိုနဲ့ TV ကိုရိုက်ခွဲပစ်တယ်။ ခုချိန်ဆို ဒီသားငယ်လေး အထက်တန်းလောက်ရောက်ရောပေါ့။ ဒီသားငယ်လေးနှစ်နှစ်ကာကာမှပြုံးတတ်သေးရဲ့လားသိချင်မိတယ်။ ကိုယ်၁၀တန်းအောင်တော့ ချစ်စံအိမ်ကားကို အခွေဝယ်ကြည့်တယ်။ ၁၀တန်းတုန်းကကြည့်ချင်တဲ့ feeling ကိုပြန်မရဘူး။ ဇာတ်လမ်းအပေါ်ပျော်ဝင်နိုင်မှု အများကြီးကွာသွားတယ်။
ဒါကြောင့် အဖြစ်အပျက်အတိုင်းက ကာလအပိုင်းအခြားလိုက် ကွာဟသွားတယ်။ မီးငယ်လေး တိုက်အောက်မှာစက်ဘီးစီးချင်တုန်း ကားရှုပ်တယ် ဖုန်ထတယ်နဲ့မတားမိဘူး။ သူမအသက် ၁၈နှစ်မှ စက်ဘီးစီးခွင့်ပေးရင်တောင် ဒီလိုတက်ကြွစွာသူမလုပ်တော့မယ် မထင်ဘူး။ မီးငယ်လေးအိမ်ထဲမှာ ရေခွက်တွေနဲ့ ရေတွေထည့်ပြီးဆော့ချင်တာကို မလုပ်နဲ့ဆိုတာထက် ရေမဖိတ်ကျစေနဲ့ပဲတားမိတယ်။ ကျောင်းတက်တဲ့အရွယ်ရောက်ရင် ဒီရေခွက်တွေက သူမအတွက် ရေခွက်ဆိုတာထက်အပြင် ဘာမှပိုတော့မှာမဟုတ်ဘူး။
ဒါကြောင့် အရွယ်အလိုက် ကြီးပြင်းလာမဲ့ကလေးတွေကို လွပ်လပ်မှုတွေရှိတုန်း ခံစားချက်တွေကိုထိန်းချုပ်စရာမလိုတုန်း အန္တရာယ်မရှိမှာမျိုး ရိုင်းစိုင်းတဲ့အပြုအမူမျိုးမဟုတ်ရင် ခွင့်ပြုပေးထားသင့်ပါတယ်။ စည်းတွေဘောင်တွေနဲ့ ကလေးတွေနဲ့ဆိုတာ မလိုက်ဖက်ပါဘူး။ ကောင်းမွန်တဲ့အလေ့အထ ပျော်စရာကောင်းတဲ့စည်းကမ်းကတော့ သပ်သပ်ပါနော်။
မီးငယ်လေးကစားကွင်းသွားတုန်းက အပေါက်ဝမှာစောင့်ရင်း ကိုယ့်ကလေးလေးကိုပြုံးကြည့်နေတုန်း ဘေးနားက ကောင်လေးတစ်ယောက်ရဲ့အဖေက သူ့သားကို အသားကုန်လှမ်းအော်နေတယ်။ “ဟေ့ရောင် မင်းမပြေးနဲ့နော်။ မင်းပြေးလို့လဲရင် ငါအထဲထိဝင်လုပ်မှာတဲ့”။ ကစားကွင်းဝင်ခမှ ၁၀၀၀ ကစားကွင်းထဲတောင်မပြေးရရင် ဒီကလေးအိမ်မှာဆို သူ့အဖေရှေ့ဖြတ်တောင်လျှောက်ရဲပါ့မလားမတွေးရဲဘူး။ ဒါကစည်းကမ်းမဟုတ်ဘူး။ ပိတ်ပင်တာပါ။ ကိုယ်သာဆို တစ်သက်လုံးကစားကွင်းမသွားတော့ပါ။
သမီးလေး ကျောင်းနေအရွယ်ရောက်ရင် CCTV တပ်ပြီးကြည့်ခံရတဲ့ကလေး၊ လူကြီးတွေအကုန် TVရှေ့ထိုင်ပြီး နင်စာသွားလုပ်လို့ပြောခံရတဲ့ကလေး၊ မလုပ်နဲ့ဆိုတာကိုလုပ်ရင် ရိုက်ခံရမယ်ဆိုတဲ့ကလေးမဖြစ်စေရဘူးလို့ပါ။ အမေဆိုတာ တစ်ခါတုန်းက ကလေးပါပဲ။ ကိုယ်ကလေးတုန်းက မနှစ်မြို့တာတွေ မကြိုက်နိုင်တာတွေ ကိုယ့်ကလေးကိုလည်း မပြုမူဘူး။ ပတ်ဝန်းကျင်မှာမြင်နေရတဲ့ မတရားမှုတွေ အနိုင်ကျင့်မှုတွေကိုလည်း သင်ခန်းစာယူရင်း မီးငယ်လေးအတွက် ပျော်ရွှင်ရတဲ့ငယ်ဘဝကို အပြည့်အဝရရှိအောင်ပဲ ကြိုးစားပေးနေမိတော့တယ်။
ဒါကြောင့် ကိုယ့်ရဲ့ mother goal က
1.သမီးငယ် ကလေးဘဝမှာပျော်ရွှင်ရင်း ဆော့ကစားနိုင်ဖို့
2.စာသင်တဲ့အရွယ်မှာ ပျော်ရွှင်စွာ ပညာသင်နိုင်ဖို့
3.အတတ်ပညာရှာတဲ့အရွယ်မှာ ပျော်ရွှင်စွာ လိုရာကိုသင်ယူခွင့်ရဖို့
ဒါပါပဲ။ အဲ့ဒီ့နောက်တော့ သူမဘာသာဆုံးဖြတ်ပါလိမ့်မယ်။
မေဂျူး
19.3.17 (Mon)
သမီးလေး ၂ နှစ် ၈လ ၁၇ရက်

