All about pumping

All about pumping

ဂျူးအလုပ်မဝင်ခင်က သားသားအတွက် pumping လုပ်တာ နို့ထွက်နည်းလို့ Post တင်ဖူးတာမှတ်မိမှာပေါ့။ ခုတော့ အလုပ်ဝင်တာ သုံးပတ်ပြည့်ခဲ့ပြီ။ weekend ၃ ခုလုံးမှာ ပိုနေတဲ့နို့တွေ သားလေးကို Milk bath ပါလုပ်ပေးနိုင်ခဲ့တဲ့ထိ အဆင်ပြေခဲ့ပါပြီ။ ခုဒီအပတ်မှာတော့ ဒီ weekend အတွက်မလိုတဲ့အတွက် freeze သိမ်းထားတဲ့အထိ နို့ကလုံလောက်တာထက် ပိုလျှံလာပါပြီ။ ဘာလုပ်လိုက်လဲ? ဂျူးအကူအညီရခဲ့တာကို အားလုံးလည်း ဂျူးအတွေ့အကြုံကတစ်ဆင့် အဆင်ပြေစေဖို့ ဝေမျှပေးချင်ပါတယ်။

ပထမဆုံးအမှားကတော့ နို့က ကလေးစို့လို့ထွက်ရင် ညှစ်ရင်လည်းထွက်မှာပဲဆိုပြီး ပေါ့လျော့မိတာပါပဲ။ ဂျူးက နို့ထွက်များလို့ သားစို့ရင် ပန်းပါထွက်ပါတယ်။ အဲဒီ့မှာပဲ ဘဝင်တွေမြင့်လေသတည်းပေါ့။ အလုပ်ပြန်ဝင်ခါနီး သား၂လကျော်မှ pumping ကိုစလုပ်တော့ ဒုက္ခစရောက်ပါတော့တယ်။ ဘယ်လောက်ညှစ်ညှစ် နို့ဘူးအောက်ခြေတောင်မပြည့်တဲ့နို့ရည်တွေတွေ့တော့ စရူးပါတော့တယ်။ မီးငယ်လေးတုန်းကလည်း ဒီအမှားကြောင့်ပဲ နို့မလောက်လို့ formula ကူခဲ့ရတယ်။ သားကိုတော့ လုံးဝမိခင်နို့အပြည့်အဝပဲတိုက်ချင်တာပါ။ မေမေ့ချိုချို ဆိုတဲ့ group လေးမှာ post တင်မေးရင်း Healthy and Happy Families page founder အစ်မရဲ့ စီစဉ်ပေးမှုကြောင့် အန်တီသယ်လ်မာရယ် expert pumping mom ဖြစ်တဲ့ Helen တို့နဲ့ zoom meeting လေးတစ်ခုမှာ ကျနေတဲ့ စိတ်ဓာတ်ကနေ အားအင်တွေပြန်ရခဲ့ပါတယ်။

ဂျူးလုပ်ခဲ့တာတွေကို အောက်ကပုံတွေတစ်ပုံချင်းစီမှာ အသေးစိတ်ရေးပေးထားပါတယ်။ ဂျူးကတော့ ရှာဖွေဖတ်ရတာ youtube video တွေအများကြီးရှာဖွေမှီငြမ်းခဲ့ရတာပေါ့။ အလုပ်မဝင်ခင်တစ်ပတ်ကတော့ pump လိုက် စာဖတ်လိုက် youtube ကြည့်လိုက် စာအုပ်တစ်အုပ်ကိုလက်ကမချတမ်းထားရင်း သားနို့စို့ချိန် pump လုပ်လို့ရတဲ့ amount ကိုချရေးလိုက်နဲ့ အရမ်းပင်ပန်း အားလပ်ချိန်တောင်မရှိခဲ့ပါဘူး။ ဂျူးလိုမျိုးအမေတွေရှိနိုင်တာမို့ ဂျူးဝေမျှတာကိုဖတ်ရင်း အဆင်ပြေသွားမယ်ဆိုရင်ပဲ အရမ်းထိုက်တန်ပါပြီ။

ဒီ post မှာပါဝင်တဲ့အကြောင်းအရာတွေက

  • Pumping Schedule
  • Power Pumping
  • Breast Massage
  • Manual & Electric breast pump
  • Stress and Milk supply
  • Things you have to invest
  • Breast milk storage
  • Power cut issue
  • Family support

Pump လုပ်တဲ့အခါမှာ အချိန်မှန်ညှစ်ပေးတာက နို့ထွက်နှုန်းကို ထိန်းထားပေးနိုင်ပါတယ်။ ဂျုးလိုမျိုး နို့ညှစ်တဲ့အခါ နို့ထွက်နှုန်းကျမသွားတော့ဘူးပေါ့။ ကိုယ်ကအလုပ်ပြန်ဝင်မယ့်သူဆိုရင် ပိုလို့တောင်လိုအပ်ပါပြီ။ ဒါကြောင့် ဒီတိုင်း ညှစ်ချင်တဲ့အချိန်ထညှစ်တာမဟုတ်ပဲ ဘယ်ချိန်တွေမှာညှစ်မယ်လို့ schedule လေးဆွဲထားတာက တကယ်အထောက်အကူဖြစ်ပါတယ်။ နို့ကြောင်းပိတ်တာတွေကလည်းကင်းဝေစေတယ်။ ပြီးတော့ နို့တွေကိုကြိုတင်စုဆောင်းပြီး freeze လုပ်ထားနိုင်တဲ့အတွက် အလုပ်ပြန်ဝင်ခါနီးရင် confident ရှိနေမှာ အမှန်ပါပဲ။

Pumping စလုပ်ကာစမှာ ခက်ခဲတယ်ထင်ရပေမယ့် တဖြည်းဖြည်းကျွမ်းကျင်လာတဲ့အခါမှာ ထင်သလောက်မရှုပ်ထွေးတော့ပါဘူး။ နို့ထွက်နှုန်းတက်ချင်ရင် ကလေးနို့မတိုက်ခင်ကြားချိန်တွေမှာ ကလေးနဲ့အတူရှိချိန်မှာ pump လုပ်ပါ။ ကလေးနို့တိုက်ပြီးတဲ့အခါမှာလည်း pump လို့ရပါတယ်။ အလုပ်မှာ pump မယ်ဆိုရင် ကလေးနို့စို့ချိန်တိုင်းမှာ pump လုပ်ပေးပါ။ ဒီအခါမှာ နို့ထွက်နှုန်းတက်လာပြီး ကလေးနို့စို့ချိန်နဲ့လည်း အချိန်တပြေးညီဖြစ်လာမှာပါ။ 3 or 4 နာရီခြားတစ်ခါလောက် pump ရမယ့်သဘောဖြစ်သွားတာပေါ့။ ဂျူးကတော့ မနက်အလုပ်မသွားခင်သားကိုနို့တိုက်တယ်။ အလုပ်မှာ ၂ကြိမ်ညှစ်ပြီး အလုပ်ကပြန်လာခါနီးရင် ကလေးကိုနို့မစို့စေပဲ ဂျူးပြန်ရောက်တာနဲ့ တန်းတိုက်ပါတယ်။

15 or 20 minutes လောက်ညှစ်ပေးပါ။ တစ်ချို့တွေကတော့ 30 minutes ထိလိုအပ်ပါတယ်။ နို့ထွက်တာနည်းလာတဲ့ထိ pump ပေးပါ။ ဘယ်အချိန် pump လုပ်ရင်အကောင်းဆုံးလဲဆိုရင်တော့ ကိုယ်နဲ့အသင့်တော်ဆုံးအချိန် ကိုယ်အဆင်ပြေတဲ့အချိန်ကိုသာ pump ပါ။ pump လုပ်ရင်းနဲ့ တဖြည်းဖြည်း ကိုယ့်အတွက်အဆင်ပြေဆုံးအချိန်ကိုသိလာပါလိမ့်မယ်။

နမူနာ Pumping schedule ကိုပြောရရင်တော့ 1:00AM 4:00AM 7:00AM 10AM 1:00M 4:00PM 7:00PM 10:00PM ။ ကိုယ်နဲ့ကိုက်ညီတဲ့အချိန်ကိုရွေးနိုင်ပါတယ်။ ဒါလေးက ၃နာရီခြားတစ်ခါ pump မယ်ဆိုရင်ဆွဲရမယ့် Schedule ပေါ့။ ဂျူးကတော့ တစ်နေ့ကို ၃ ကြိမ်ကနေ ၄ကြိမ်ပဲ pump လုပ်နိုင်ခဲ့ပါတယ်။ ခုအလုပ်ပြန်ဝင်တော့ အလုပ်မှာ ၂ကြိမ်ပဲ pump နိုင်ပါတယ်။ သားသားက ဂျူးအလုပ်သွားချိန် ၃ ခါပဲစို့ပါတယ်။ ဂျူး အလုပ်မှာ pump တစ်ခါလုပ်ရင် သားစို့တဲ့ (၃)ကြိမ်စာရပါတယ်။ ဒီတော့ ပိုတာကို freeze ဖို့သိမ်းပါတယ်။ ဒါကြောင့် pumping schedule ကတစ်ယာက်နဲ့တစ်ယောက်မတူပါဘူး။ ကလေးတစ်ယောက်နဲ့တစ်ယောက် နို့စို့ချိန် နို့စို့နှုန်းလည်းမတူပါဘူး။ အလုပ်မဝင်ခင်က ကြိုပြီး စာအုပ်လေးတစ်အုပ်နဲ့ သေချာမှတ်သားထားရင် ကိုယ့်ဘာသာ တွက်ဆနိုင်သွားပါလိမ့်မယ်။

• ကလေးတစ်ယောက်နဲ့တစ်ယောက် နို့စို့ချိန် နို့စို့နှုန်းမတူပါ။
• မိခင်တစ်ယောက်နဲ့တစ်ယောက် နို့ထွက်နှုန်းလည်းမတူပါ။
• Breast size နဲ့ နို့ထွက်နှုန်းမသက်ဆိုင်ပါ။
• သင့်မှာ သင့်ကလေးအတွက် အမြဲလုံလောက်တဲ့နို့ရည်ရှိပါတယ်။

Power pumping ကတော့ နို့ထွက်နှုန်းတက်အောင်လုပ်တဲ့နည်းပါ။ သူကဘာနဲ့တူလည်းဆိုတော့ ကလေးကနို့ခဏခဏစို့တာနဲ့တူပါတယ်။ အထူးသဖြင့် ကလေးတွေကြီးထွားချိန်မှာ နို့မကြာမကြာစို့တဲ့အတွက် နို့ကလည်းပိုထုတ်ပေးရတဲ့သဘောပါ။ နို့ရဲ့သဘောသဘာဝကတော့ စို့လို့ကုန်ရင် ပြန်ဖြည့်ပါတယ်။ ဒီတော့ ပိုစို့ရင် ပိုဖြည့်ရတာမြန်လာတာပါပဲ။ ကလေးကလည်း နို့မစို့ pumpလည်းမလုပ်ဘူးဆိုရင် နို့ကလည်း ပြန်ဖြည့်တာနှေးပြီး နို့ထွက်နှုန်းကို ထိန်းနိုင်မှာမဟုတ်ပဲ ပြန်ဖြည့်တာနှေးလာပါလိမ့်မယ်။


Power pump လုပ်တာဟာ ၁ နာရီဆက်တိုက် pump လုပ်တာပါ။ pump လိုက် နားလိုက်လုပ်ပေးရတာပါ။ ဆက်တိုက် pump လုံးဝမလုပ်ရပါဘူး။ အမြဲလုပ်ရတာလည်းမဟုတ်ပါဘူး။ နို့ထွက်နှုန်းတက်လာရင် ရပ်လိုက်လို့ရပါပြီ။

ဒါကတော့ Double Brest pump လုပ်နည်းပါ။ နို့ညှစ်တဲ့စက် နှစ်ဖက်တစ်ပြိုင်တည်းသုံးတဲ့သူတွေအတွက်ပါ။

• Pump for 20 minutes
• Rest for 10 minutes
• Pump for 10 minutes
• Rest for 10 minutes
• Pump for 10 minutes to finish the hour

ဒါကတော့ Single Brest pump လုပ်နည်းပါ။ တစ်ဖက်တည်းညှစ်တဲ့စက်သုံးတဲ့သူတွေအတွက်ပါ။ ဘယ်နဲ့ညာတစ်လှည့်စီလုပ်ရတဲ့အတွက် သူ့မှာတော့ rest လုပ်ချိန်မလိုတော့ဘူးပေါ့။ Single pump နည်းက တခြား မတူတဲ့ schedule တွေလည်းရှိတာမို့ ရှာကြည့်ပြီး ကိုယ်နဲ့အဆင်ပြေတာလုပ်ပါနော်။

• Pump for 12 minutes (Right)
• Pump for 12 minutes (Left)
• Pump for 8 minutes (Right)
• Pump for 8 minutes (Left)
• Pump for 8 minutes (Right)
• Pump for 8 minutes (Left)
• Pump for 8 minutes (Right)
• Pump for 8 minutes (Left)

တစ်နေ့ တစ်ကြိမ်ပဲလုပ်စေချင်ပါတယ်။ pump လုပ်ချိန်ကို နေ့တိုင်း အချိန်မှန်လုပ်တာ ပိုထိရောက်ပါတယ်။ မိသားစုဝင်တွေအကူအညီကိုယူပါ။ တစ်နာရီတောက်လျှောက်ထိုင်ရမှာမို့ ကလေးတစ်ဖက်နဲ့ဆိုရင် အဆင်မပြေပါဘူး။ ကလေးနို့တိုက်ပြီး တစ်ယောက်ယောက်ကလေးကြည့်ပေးနေရင် ပိုလွယ်ကူပါတယ်။ ဂျူးတုန်းက ၄ရက်ဆက်တိုက်လုပ်ခဲ့ပြီးတော့ supply တက်လာလို့ ရပ်လိုက်ပါတယ်။

ref: https://www.whattoexpect.com/pumping-breast-milk.aspx

နို့ထွက်များချင်တဲ့သူအတွက် pump မလုပ်ခင်တိုင်းမှာ breast massage ကိုကျော်သွားလို့မရပါဘူး။ breast massage လုပ်ချင်းက နို့ထွက်များစေတာတင်မကပဲ အခြားအကျိုးကျေးဇူးတွေများစွာ ရရှိနိုင်ပါသေးတယ်။ ဒီမှာတော့ အကျယ်မရေးတော့ပါ။ ဂျူးကတော့ Brest massage လုပ်နည်းကို စာရှာမဖတ်ပဲ Youtube ကနေကြည့်ပြီး ကိုယ်အဆင်ပြေတဲ့နည်းကိုလုပ်ပါတယ်။ Youtube မှာရှာကြည့်ပေးပါ။ ပြီးတော့ မမေ့မလျော့ Pump မလုပ်ခင်တိုင်း massage လုပ်ပေးပါနော်။ 

Manual & Electric breast pump ဘာဝယ်ရမလဲမေးကြပါတယ်။ Manual ကတော့ လက်နဲ့ပဲ ကိုင်းလေးကို ဖိပြီးညှစ်ပေးရတာပေါ့။ Electric ကျ မော်တာပါတာမို့ စက်ကညှစ်ပေးတော့ လူအားမစိုက်ရတော့ဘူး။ ကိုယ်က ကလေးကိုလုံးဝ exclusive breastfeeding ပေးမယ်ဆိုရင်တော့ ဂျူးက Electric ကိုရွေးပါလို့ပြောပါရစေ။ Brand ကိုတော့ ကိုယ်ကြိုက်နှစ်သက်ရာရွေးပါ။ ဒီစာက Sponsor post မဟုတ်တဲ့အတွက် Brand ကိုထည့်မရေးတော့ပါဘူး။ Electric pump တွေက ဈေးကြီးပါတယ်။ ဒါပေမယ့် Use the trick ပါ။ မေမေတွေရှိတဲ့ groupတွေထဲမှာ good second hand တွေရှာဝယ်ပေးပါ။ work from home လုပ်တာမို့ မသုံးဖြစ်တော့တဲ့ မေမေတွေက ပြန်ရောင်းတတ်ကြပါတယ်။ အပိုလက်ဆောင်တွေပါရပါလိမ့်မယ်။ ငွေအများကြီးခြွေတာရာရောက်ပါတယ်။ ဂျူးလည်းဒီလိုနည်းနဲ့ပဲ ဝယ်လိုက်တာပါ။ Electric pump လေးတစ်ခုက အတော်ကိုစိတ်ချမ်းသာစေပါတယ်။ 

Stress တွေက နို့ထွက်နည်းစေတာကိုသိပြီးဖြစ်မှာပါ။ ဒါတွေကိုသိလို့ ဂျူးဆို ဘာ Stress မှ မရှိအောင်နေပါတယ်။ ဒါတောင် ထူးခြားမလာပါလားပေါ့။ နောက်မှ ဆင်ခြင်မိတာကတော့ ငါနို့မလောက်ရင် ငါ့သားလေးစို့ဖို့မလောက်ဘူး နို့ထွက်တာနည်းလိုက်တာဆိုတဲ့ Stress အကြီးစားကြီးရှိနေတာပါပဲ။ ဒီထဲကိုလည်း Stress မထည့်ထားပါနဲ့။ Pump လုပ်ပြီဆိုရင် ထွက်လာတဲ့ နို့ရည်ပဲ သည်းကြီးမည်းကြီး ငုံ့ကြည့်ပြီး stress မဖြစ်ပါနဲ့။ Pump လုပ်နေတဲ့အချိန်က တကယ်ကို relax လုပ်လို့အကောင်းဆုံးအချိန်ပါပဲ။ ကိုယ်စားချင်တဲ့ snack တွေ drink တွေ အနားမှာယူထားပြီး ကိုရီးယားကားလေးဖွင့်ပြီးသာ Pump လုပ်ပါ။ ဒီအခါ ငုံ့မကြည့်မိတဲ့ဘူးထဲက နို့ရည်တွေက ထင်ထားတာထက်ပိုများနေတာတွေ့ရပါလိမ့်မယ်။ တအားစိတ်မပူပါနဲ့။ နည်းမှန်လမ်းမှန်နဲ့သာလုပ်နေတယ်ဆိုရင် နို့ထွက်နှုန်းတက်ကိုတက်လာတာပါပဲ။ ဂျူးကတော့ Pump လုပ်ပြီးတိုင်း Milo ဒါမှမဟုတ် ပဲနို့သောက်တယ်။ ရေလည်းသောက်ပါတယ်။ ဆေးကတော့ ကိုယ်ဝန်ဆောင်အားဆေးကိုပဲဆက်သောက်နေပါတယ်။ ရေသောက်ကိုလည်းများရပါမယ်နော်။ အစားကတော့ ငါနို့ထွက်ရမယ်ဆိုပြီး ဘာမဆိုအကုန်စားတာပါပဲ။ ဘာမှမရှောင်ပါဘူး။ လတ်ဆတ်သော ကျန်းမာရေးနဲ့ညီညွှတ်သောအစားအစာဆိုရင်တော့ အများကြီးကို ပိုစားပစ်တာပါပဲ။ 

• အပေါ်ကပြောထားသလိုမျိုး Electric breast pump လိုပါမယ်။
• နို့ဘူးပေါင်းစက်လိုပါမယ်
• နို့သိမ်းတဲ့ဘူး အိတ်လိုပါမယ် (ဂျူးကတော့ သားကိုတိုက်မယ့်တစ်ရက်စာကို ဘူးနဲ့သိမ်းပြီး ပိုတာကိုအိတ်ထဲထည့်ပြီး freeze လုပ်ဖို့သိမ်းပါတယ်)
• အလုပ်ပြန်ဝင်ရမယ်ဆိုရင် ရေခဲခြောက်နဲ့ cooler bag လိုပါပြီ။
• နို့ကို freeze လုပ်မယ်ဆိုရင်တော့ ရေခဲသေတ္တာတစ်လုံးသပ်သပ်လိုပါပြီ။ သားစိမ်း ငါးစိမ်းတွေနဲ့ တွဲထားမရလို့ပါ။ ရေခဲသေတ္တာသပ်သပ်တစ်လုံးမဝယ်ဘူးဆိုရင်တော့ ဘူးကြီးတစ်ဘူးထဲသေချာအလုံပိတ်ပြီး ခဲလို့လည်း ရနိုင်ပါတယ်။

အစပိုင်းမှာတော့ အနည်းငယ်ငွေကုန်ကြေးကျရှိနိုင်ပေမယ့် ရေရှည်မှာတော့ ဘာမှမကုန်ကျတဲ့အတွက် တကယ်ကိုတွက်ခြေကိုက်ပါတယ်။ 

သိမ်းဆည်းသည့်နေရာထားသိုနိုင်သည့်ကာလသတိပြုရန်
လတ်လတ်ဆတ်ဆတ်ညှစ်ထားတဲ့နို့
အခန်းအပူချိန် (60 to 80F)
(၃)နာရီမှ (၄)နာရီမြန်မာနိုင်ငံရာသီဉတုကြောင့် (၂) နာရီအတွင်းအသုံးပြုခြင်းသည် အကောင်းဆုံးဖြစ်သည်။
ရေခဲသေတ္တာ(၃)ရက်မှ (၅)ရက်
နောက်ဘက်အကျဆုံး အအေးဆုံးတွင်ထားပါ။ သား/ငါးများနှင့်အတူတွဲမသိမ်းရ။ တံခါးဘောင်တွင်မသိမ်းရ။ (၃)ရက်အတွင်းအသုံးပြုခြင်းသည် အကောင်းဆုံးဖြစ်သည်။
Freezer ထဲတွင်ခဲထားသောနို့(၃)လ
freezer နှင့် ရိုးရိုးအစားအစာသိမ်းသော တံခါး (၂)ခုပါရှိသည့်ရေခဲသေတ္တာဖြစ်ရမည်။ တံခါးတစ်ခုထဲတွင် တွဲရက်မဖြစ်ရပါ။
ခဲထားသောနို့အား အသုံးပြုရန်ထုတ်ပြီး ပြန်သိမ်းလိုပါက အောက်ဖက်အကန့်တွင်သာ (၂၄)နာရီအထားခံသည်။ ပြန်မခဲရ
  • နို့ညှစ်သည့် အချိန်/နာရီ နှင့်ပမာဏ ကိုဘူးပေါ်တွင် သေချာ label ကပ်ပါ။
  • နို့ဘူးထဲသို့ညှစ်ထားသောနို့ သိမ်းဆည်းရာတွင် ကလေးငယ်တစ်ခါသောက်စာသာ သိမ်းဆည်းပါ။
  • နို့ (၂)ဖက်လုံးမှ တစ်ချိန်တည်းညှစ်ထားသောနို့အား တစ်ဘူးထဲရောသိမ်းနိုင်ပါသည်။

ခဲထားသောနို့အား အရည်ပျော်အောင်ပြုလုပ်နည်း

freezer မှထုတ်၍ အောက်ဖက်ရိုးရိုးအကန့်တွင် တစ်ညလုံးထားခြင်း (သို့) ခဲထားသော ဘူးအား ရေထဲတွင် ဘူးအဖုံးအားရေမစိုစေပဲ လုံးဝအခဲပျော်သွားသည်အထိထားခြင်း (မိနစ် ၂၀ ကျော်)။ 

❌အရည်ပျော်အောင်ထားပြီးသားနို့အား ရေခဲသေတ္တာထဲတွင် ၂၄နာရီအထားခံသော်လည်း ပြန်လည်အခဲမပြုလုပ်ရ

  • ကလေးငယ်တိုက်ရန် ရေနွေးစိမ်၍သာ နွေးအောင်လုပ်ပါ။
  • ❌microwave/မီးဖိုပေါ်တွင်တိုက်ရိုက်အပူပေးခြင်း/ဆူပွက်နေသော ရေနွေးထဲ လုံးဝ လုံးဝထည့်၍ အပူပေးခြင်းမပြုရ။
  • ရေခဲသေတ္တာထဲတွင် သိမ်းထားသောနို့သည် အပေါ်ဖက်တွင် cream များတက်လာပါလိမ့်မည်။ နို့ရည်များ သမသွားစေရန် ညင်သာစွာမွှေပါ။ (ဘူးအား လှုပ်ခြင်းဖြင့် သမအောင်မပြုလုပ်ရ)
  • ကလေးတိုက်ရန်နွေးထားသောနို့ (၂)နာရီအတွင်းကုန်အောင်တိုက်၍ မကုန်လျှင်သွန်ပစ်ပါ။
    (ရေခဲသေတ္တာထဲသို့ ပြန်မသိမ်းရ)

အလုပ်တွင်ညှစ်ထားသောနို့အား အိမ်သို့ပြန်သယ်ရာတွင်

  • အလုပ်တွင်ညှစ်၍ သိမ်းထားသောနို့ ဖြစ်ပါက အလုပ်နှင့်အိမ်အကွာအဝေးသည် နာရီဝက်အတွင်းသာရှိပါက အပူအအေးထိန်းသောအိတ်ဖြင့်သယ်၍ အိမ်ရောက်သည်နှင့် ရေခဲသေတ္တာထဲသို့ တန်းသိမ်းပါ။
  • နာရီဝက်အကွာအဝေးထက်ကျော်လွန်ပါက ရေခဲပုံးဖြင့်သယ်ပါ။
  • နို့ထည့်သောဘူးအား အဖုံးဖြင့်သာပိတ်ပါ။ နို့သီးခေါင်းတပ်ထားသောဘူးမျိုးမဖြစ်ရပါ။

ဆေးကြောသန့်ရှင်းခြင်း

  • နို့ဘူးဆေးသောဆပ်ပြာရည်ဖြင့်ဆေးကြော၍ နို့ဘူးပေါင်းစက်ဖြင့်ပေါင်းပါ။
  • ပေါင်းပြီးသားနို့ဘူးများအား ရေစင်အောင်သုတ်၍ ခြောက်သွေ့စေပါ။
  • နို့ညှစ်ခြင်း/ သိမ်းဆည်းခြင်း/ ကလေးငယ်တိုက်ရန်ပြင်ဆင်ခြင်းများပြုလုပ်ရာတွင် မိမိလက်အား ဆပ်ပြာဖြင့် သေချာဆေးကြောမှုအရင်ပြုလုပ်ပါ။

References
http://www.babycenter.com/404_how-long-does-breast-milk-sta
http://kellymom.com/ages/bf-preemie/milkstorage-preemie/

မီးပျက်တာက ၂၄ နာရီမကျော်တာမို့ တော်သေးတယ်ပဲပြောရပါမယ်။ နို့တွေကို freeze ပဲလုပ်လုပ် ရေခဲသေတ္တာ အောက်ထပ်မှာပဲထားထား မီးပျက်ပြီဆိုတာနဲ့ ရေခဲသေတ္တာကို တတ်နိုင်ရင်တံခါးသွားမဖွင့်ပါနဲ့။ ရေခဲသေတ္တာတစ်ခါဖွင့်တိုင်း အအေးကလျော့နည်းသွားလို့ပါ။ အထဲကအအေးတွေထွက်ပြီး ပြင်ပကအပူချိန်တွေနေရာယူယူလာတတ်ပါတယ်။

အရည်ပျော်ပေမယ့် အထဲမှာ Crystal အခဲတွေကျန်နေသေးရင် ice crystal လေးတွေရှိသေးရင် ပြန်ပြီးတော့ အခဲပြုလုပ်လို့ရပါတယ်။
လုံးဝအရည်ပျော်သွားခဲ့ရင်တော့ ၂၄ နာရီအတွင်း အသုံးပြုပေးပါ။

ဒီနည်းတွေကိုအသုံးပြုပေးပါ

  • နို့တွေကို ရေခဲသေတ္တာ/ freezer ရဲ့နောက်ဖက်အကျဆုံးမှာထားပေးပါ
  • အထဲမှာလေဟာနယ်တွေသိပ်မရှိရအောင် တခြားအစားအစာတွေနဲ့ ဝန်းရံထားပါ
  • ရေခဲသေတ္တာကို မလိုအပ်ပဲ လုံးဝ လုံးဝ မဖွင့်ပါနဲ့
  • မီးပျက်တာ ၂၄ နာရီကျော်လာပြီဆိုရင်တော့ Plan B ကို စဉ်းစားဖို့လိုပါပြီ။

Plan Bs

  • မီးလာတဲ့သူငယ်ချင်းအိမ်ကိုအကူအညီတောင်းခြင်း
  • Insulated cooler ထဲကို dry ice တွေနဲ့ထည့်ခြင်း

Ref: https://babygooroo.com/…/will-my-frozen-milk-go-bad-in…

နို့ထွက်များစေဖို့ဆိုရင်တော့ မိသားစုရဲ့အကူအညီက No.1 လို့ပဲဆိုချင်ပါတယ်။ ဂျူးရဲ့မိသားစုဝင်တွေကို ဒီစာလေးထဲမှာ ကျေးဇူးတင်ကြောင်းပြောပါရစေ။ သမီးလေးတုန်းက ၆လထိ နို့ညှစ်တိုက်ခဲ့တဲ့အတွက် မိသားစုက ဒါကိုရင်းနှီးနေကြပါပြီ။ ပြီးတော့ ငွေကုန်ကြေးကျဘယ်လောက်သက်သာလဲသိထားတာမို့ fully support ပေးပါတယ်။ နို့ထွက်နည်းလို့ စိတ်ညစ်နေတဲ့ကာလတွေမှာ Pump လုပ်တဲ့အချိန်တိုင်း ကလေးကိုကူပြီးကြည့်ပေးကြပါတယ်။ Power pumping ဆိုရင် တစ်နာရီဆက်တိုက်ထိုင်လုပ်ရတာမို့ ကလေးတစ်ဖက်နဲ့ဆို ဘယ်လိုမှ အဆင်မပြေပါဘူး။ ညလည်ကြီး Pump ထလုပ်ရတဲ့အချိန်တွေလည်းရှိခဲ့ပါတယ်။ နို့ထွက်နှုန်းတက်အောင်ကြိုးစားရင်း နို့ရည်တွေအများကြီးစုမိတဲ့အခါ Pump လုပ်တာကို ရပ်လိုက်လို့မရပါဘူး။ နင့်မှာများနေပြီ Pump လုပ်နေဦးမှာလားလို့လည်း ငြိုငြင်လို့မရပါဘူး။ နို့ထွက်နှုန်းကိုထိန်းထားဖို့ Pump လုပ်တာကို လုပ်ချင်တဲ့အချိန်မှထလုပ်လို့မရပါဘူး။ ဒါကြောင့် မိသားစုဝင်တွေက နားလည်ပေးဖို့ အပြည့်အဝလိုအပ်ပါတယ်။ ကိုယ့်ဖက်ကလည်း ရှင်းပြပေးပါ။ အလုပ်ပြန်ဝင်ရသည့်တိုင်အောင် အမေနို့ကိုဆက်လက်တိုက်ကျွေးနေနိုင်ဖို့ဆိုတာ တကယ်မလွယ်ကူပါဘူး။ ဒါပေမယ့် ခက်လည်းမခက်လှပါဘူး။ နည်းမှန်လမ်းမှန်သိပြီဆိုရင် မခက်ခဲတော့ပါဘူးနော်။ မိခင်နို့နဲ့ပတ်သတ်တာတွေသိနိုင်ဖို့ဆို Healthy and Happy Families page ကို like လုပ်ပြီး မေမေ့ချိုချို group ကိုဝင်ထားပါနော်။ ဂျူးလည်းသိချင်တာဆို page မှာရှာဖတ်တယ်။ သိချင်တာဆိုရင် group ထဲမှာ ဝင်မေးလိုက်တာပါပဲ။ 

မေဂျူး

27.03.21

သမီးလေး ၆နှစ် ၈လ ၂၆ရက်

သားလေး၃လ ၁၅ရက်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *