တစ်နေ့က သူငယ်ချင်းတွေနဲ့ စကားစပ်မိရင်း ထုံးစံအတိုင်း ကလေးတွေကိစ္စဟာ မပါမဖြစ်ကိစ္စမို့ ပြောဖြစ်ကြတာပေါ့နော်။ အဖေတွေဟာလေ သူများသမီးကိုယူထားပေမဲ့ကိုယ့်သမီးကိုတော့ ပြန်မပေးချင်ဘူးလို့ပြောရင်း ရီကြရသေးတယ်။ ဒါပေမဲ့ ဒီအကြောင်းရောက်တိုင်း မျက်ရည်လည်ရတာဟာ ကိုယ်တွေမိခင်တွေပဲဖြစ်ဖြစ်သွားရတာ ဘာလို့ပါလိမ့်နော်။ ဖြစ်နိုင်ရင် သမီးလေးကို အသက်တွေကြီးတဲ့အထိ ကိုယ့်ဘေးနားမှာထားရင်း နဖူးလေးစမ်းလိုက် ဆံပင်လေးသပ်ပေးလိုက် လက်ကလေးကိုထွေးဆုပ်ပြီး ကိုယ်နဲ့တစ်အိပ်ယာထဲအတူသိပ်ချင်တယ်။ ခုတောင် သမီးလေးရဲ့အရပ်ဟာ ကိုယ့်လက်တစ်ပွေ့အရွယ်ကနေ ကိုယ့်ခါးကိုကျော်လာခဲ့ပြီ။ အိပ်နေရင်းနဲ့ စောင်လှမ်းခြုံပေးရင် အရင်လို လက်နဲ့လွှားခနဲခြုံပေးလို့ မရတော့ဘူး။ သေချာထပြီး သူ့ခြေထောက်အရှည်ကြီးထိ လုံအောင်ခြုံပေးနေရပြီ။ ဒီလိုနဲ့တစ်ဖြည်းဖြည်းနဲ့ ကိုယ့်ရဲ့အရပ်ကိုပါကျော်သွားတော့မယ်။ မီးမီးကြီးလာရင် မေမေ့ကိုဒီလိုငုံ့ကြည့်မှာလို့ပြောနေတဲ့အရွယ်ကနေ တကယ်ကိုယ်ကမော့ကြည့်ရမဲ့အချိန်ဟာ ခဏတွင်းချင်းရောက်လာတော့မှာ။ ဒီလိုနဲ့ သူမကြီးပြင်းလာတာအလျှောက် ဖေဖေမေမေထက် ပိုချစ်ရတဲ့သူ သူမလေးမှာရှိလာတော့မယ်။
တွေးနေပါတယ် တွေးမိပါတယ်။ တစ်နေ့သမီးချစ်တဲ့သူကို လက်တွဲဖို့ဆုံးဖြတ်တဲ့အချိန်ကျ အိမ်ကနေထွက်မသွားပဲ အိမ်ကိုပဲ သူချစ်တဲ့သူကိုခေါ်လာဖို့ ကိုယ်ဘာတွေလုပ်နိုင်မလဲတွေးမိတယ်။ ဘယ်လိုအိမ်မျိုးလေးဆိုရင် သူမဟာမခွဲမခွာနိုင်ပဲ တစ်သက်လုံးနေချင်မှာလဲ? အိမ်မှာသူမကြိုက်တဲ့ဘယ်လိုပစ္စည်းတွေထည့်ပေးရမလဲ? အိမ်ပုံစံကိုရော သူမစိတ်ကြိုက်ရွေးပြီး ဆောက်ပစ်လိုက်ရမလား? အဲ့လိုမျိုးလို့သေချာရင် အလုပ်တွေ ၃ ၄ ခုလုပ် တစ်ပတ်လုံးမနားမနေ ပိုက်ဆံတွေရှာပြီး ကြိုးစားပေးချင်ပါရဲ့။ ဒါပေမဲ့ ဒါပေမဲ့ပေါ့လေ ကိုယ့်ချစ်သူကိုလိုချင်တုန်းက ကိုယ်ဟာဘာများမြင်ခဲ့လို့တုန်းလို့တွေးမိပြန်တော့ ရင်ထဲကကျဉ်ခနဲခံစားရတယ်။ ဒါတောင် ကိုယ်ဟာ ခုချိန်ထိ မိဘတွေနဲ့ပဲဆက်နေပြီး ငယ့်ဖေဖေကသာ ကိုယ်တွေနဲ့လာနေပေးတာပါ။
အသက်တွေကြီးလာရင် ကိုယ့်ဘေးနားမှာ ဘယ်သူပဲကျန်မလဲ။ ကိုယ့်ရဲ့ခင်ပွန်းပဲကျန်မယ်လို့ ဘယ်နှစ်ကြိမ်တွေးတွေး ဒီအဖြေပဲထွက်တယ်။ ကိုယ်သိပါတယ် ကိုယ့်သမီးလေးမှာ သမီးလေးတွေရှိလာမယ်။ သူမမိသားစုလေးကိုယ်ပိုင်ရှိလာရင် သူမမိသားစုကိစ္စတွေနဲ့ တစ်ဖြည်းဖြည်း ကိုယ်တွေဟာ နောက်မှာကျန်နေခဲ့မယ်။ ချန်ထားခံရတာမဟုတ်ပဲ ဦးစားပေးရမှာတွေအတွက် ကိုယ်တွေကိုယ်တိုင်အလိုလို နောက်မှာနေပေးခဲ့တာမျိုးတွေဖြစ်လာမှာမဟုတ်လား။ ခုချိန်မှာ ကိုယ်လစာထုတ်ရင် ကိုယ့်သမီးဆီပဲအရင်ပြေး ကိုယ့်သမီးလိုချင်တာဝယ်ပေး လိုက်ပို့ပေးနဲ့ အမေရေ အဖေရေ လိုက်မလားဆို မလိုက်တော့ပါဘူးဆိုပြီး အမေနဲ့ အဖေဟာ နေခဲ့တာပါပဲ။ မလိုက်ချင်တော့တာလား မိသားစုလေးသွားပါစေဆိုပြီး ဦးစားပေးတာလား။ ဒီလိုနဲ့တစ်ချိန်ကျ ကိုယ်ဟာ သမီးတို့မိသားစုကို ဦးစားပေးရင်းနဲ့ အမေ့လိုပဲ တစ်ဖြည်းဖြည်းနေခဲ့မဲ့သူဖြစ်လာမှာပါပဲ။ သမီးပျော်နေတာကိုမြင်နေတာနဲ့ ပျော်နေတာမျိုး သမီးတို့မိသားစုကိုကြည့်ရင်း တမင်ရှောင်ဖယ်ပေးတာမျိုးနဲ့ တစ်ဖြည်းဖြည်းနဲ့တော့ နေသားကျလာမှာပါပဲ။ အမေနေမကောင်းတာနဲ့ ကိုယ့်သားသမီးနေမကောင်းတာဆို သားသမီးနားမှာနေပြီး အမေကိုလာမကြည့်နိုင်တာမျိုးနဲ့လဲ အသားကျလာမှာပါပဲ။ တစ်ဖြည်းဖြည်းနဲ့ ကိုယ့်ဘာသာကိုယ် နေတတ်လာမှာပါပဲ။ နေပေးလိုက်မှာပါပဲ။ ဒီလိုနဲ့ တစ်ချိန်က သမီး သမီးနဲ့ တစ်ချိန်လုံးပစ်ပယ်ခဲ့တဲ့သူကပဲ ကျွန်မဘေးမှာ အိုမင်းတဲ့အချိန်ထိရှိပေးနေမှာပဲဆိုတာ ဝမ်းနည်းဝမ်းသာ ဘယ်လိုခံစားချက်မျိုးနဲ့မှန်းမသိပေမဲ့ သတိပြုမိလိုက်ပါတယ်။
ကျွန်မအိုမင်းသွားရင် ကျွန်မဘေးမှာ သူပဲ ကျန်မှာတဲ့လား။ ဟုတ်ပါတယ် သူပဲကျန်နေမှာပါ။ ဒါကြောင့် တစ်ခါတစ်လေ စိတ်ဆိုးမိရင် ဒီအတွေးလေးကိုနေရာဝင်ယူစေဖို့ကြိုးစားရဦးမယ်။ တစ်ခါတစ်လေ တအားစိတ်ကုန်လာရင် တစ်ချိန်အိုမင်းလာခဲ့ရင် ကိုယ့်ရဲ့တွန့်နေတဲ့အရေပြားတွေနဲ့လက်ကိုကိုင်ထားပေးမဲ့ သူ့အကြောင်းကို တွေးပြီး စိတ်တွေပြန်ဖြေတတ်ဖို့ကြိုးစားရဦးမယ်။ ဘယ်လိုမှခွင့်မလွှတ်နိုင်ဘူးတွေးနေတာတွေကို တစ်ချိန်ကျရင်ကိုယ်နားညည်းသမျှ နားထောင်ပေးမဲ့တစ်ဦးတည်းသောသူဟာ သူပါလားလို့ဖြည့်တွေးတတ်ဖို့ ကြိုးစားရဦးမယ်။
ကျွန်မကြိုးစားရမဲ့ သမီးအတွက် သမီးအနာဂတ် သမီးဖွံ့ဖြိုးတိုးတက်မှုတွေ အဲ့ဒီ့အရေးကြီးတဲ့ list ရဲ့ ဟိုးအောက်ဆုံး bottom line လေးမှာ သူ့အတွက်နေရာပေးတတ်ဖို့ ကျွန်မကြိုးစားရဦးမယ်။
(ဒီစာရေးရင်း ငိုချင်မိတယ်)
မေဂျူး
23.8.19 (သောကြာ)
သမီးလေး ၄နှစ် ၁လ ၂၁ ရက်

