ကလေးတွေဆိုတာ ဒီကမ္ဘာလောကကြီးကို ပိုကောင်းအောင်လုပ်ပေးမယ့်လူသားလေးတွေပါ။ ကျွန်မတို့တွေအားလုံးက တစ်နည်းနည်းနဲ့ မှားပြီးနေကြပြီ။ မိုက်ပြီးနေကြပြီ။ စိတ်ညစ် စိတ်ယုတ်တွေရှိဖူးကြပြီ။ ကမ္ဘာကြီးမပြောနဲ့ ကိုယ့်မိသားစု အဝန်းအဝိုင်းလေးအတွက်တောင် ကောင်းအောင်မရှိပေးနိုင်တဲ့သူတွေအများကြီးပဲရှိကြတယ်။ ကမ္ဘာကြီးကို သူတို့တွေကဖျက်ဆီးကြတယ်။ နိုင်ငံကိုဖျက်ဆီးကြတယ်။ အရာအားလုံးကိုရုပ်ဆိုးအကျည်းတန်စေကြတယ်။ ကလေးလေးတွေကတော့ အပြစ်ကင်းစွာနဲ့ ပိုကောင်းတဲ့အနာဂတ်ဖြစ်လာစေဖို့ သူတို့ကပြုပြင်ပေးနိုင်စွမ်းရှိကြတယ်။ ပိုကောင်းတဲ့အလားအလာ ပိုကောင်းတဲ့ကမ္ဘာ ပိုပြီးတိုးတက်တဲ့နိုင်ငံ ပိုပြီးကောင်းမွန်တဲ့လူ့အသိုင်းအဝိုင်းတွေရရှိဖို့ဆိုရင် ဒီကလေးလေးတွေကပဲ ကျွန်မတို့စရလိမ့်မယ်။ ကျွန်မတို့အပေါ်အများကြီးမူတည်နေတယ် ဒါတွေအကုန်လုံးက။ အမှုမှတ်အမှတ်မဲ့နေ့ရက်တွေကုန်နေရင်းကနေ ဒီကလေးလေးတွေက တဖြည်းဖြည်းကြီးလာတော့မှာ။ငါ့ကလေးငါကြိုက်သလိုပျိုးထောင်မယ်ဆိုတာ တစ်ချိန်အနာဂတ်အပေါ်အများကြီးသက်ရောက်နေတယ်။ ပိုပြီးတော့ယဉ်ကျေးသော လူအချင်းချင်းစာနာတတ်သော အမှန်တရားကိုမြတ်နိုးသောလူငယ်တွေအများကြီးဦးဆောင်မယ့်အနာဂတ်ကိုလိုချင်ရင် ခုကျွန်မတို့ရဲ့မျက်စိအောက်က ကစားနေတဲ့ကလေးလေးတွေကပဲစရလိမ့်မယ်။ သူတို့ရဲ့လက်ရှိတိုင်းက သိပ်ကိုတန်ဖိုးကြီးလွန်းတာကို မြင်လိုက်လား။ သူတို့ရရှိမယ့်ပညာရေး သူတို့ရဲ့အတွေးအခေါ် သူတို့ရဲ့လုံခြုံစွာကြီးပြင်းရမယ့်နိုင်ငံ သူတို့ကြည့်မြင်ပြီးကြီးပြင်းလာရမယ့် မိသားစုနဲ့ပတ်ဝန်းကျင် ဒါတွေဟာ တစ်ဦးတစ်ယောက်ကောင်းရုံနဲ့မရပါဘူး။ ကျွန်မကတော့ ကျွန်မကလေးတွေကြီးပြင်းရမယ့် ပတ်ဝန်းကျင်ကို သိပ်ကိုဂရုစိုက်ပါတယ်။ သူတို့ဖြစ်ရပ်တွေအပေါ်သုံးသပ်လိုက်တဲ့မှတ်ချက်ကအစ သေချာနားထောင်ပြီး တည့်မတ်ပေးတယ်။ ဥပမာ လူတစ်ဖက်သားရဲ့ အားနည်းချက်တွေဟာ လှောင်ရီစရာမဟုတ်ကြောင်းပေါ့။ ဒီလိုနဲ့ကျွန်မကလေးတွေက ကိုယ်ချင်းစာတတ်လာတယ်။ ညှာတာတတ်လာတယ်။ အကောင်းမြင်စိတ်တွေရှိလာတယ်။ ပညာရေးမှာလည်း အလွတ်ကျက်ခြင်းကို ဘယ်တုန်းကမှ အားမပေးခဲ့ဘူး။ နားလည်စေချင်းကပဲသွားတယ်။ သင်ယူရာမှာပျော်ရွှင်ခြင်းကနေ အခြေခံစေတယ်။ ဒီတော့ သူတို့မှာ stress မရှိတဲ့အတွက် လွပ်လပ်သောကလေးဘဝကိုအပြည့်အဝရတယ်။ ခုချိန်မှာ ကျွန်မသမီးကို ဘယ်သူ့ရှေ့မှာဖြစ်ဖြစ် ကျွန်မမေးရဲတယ် “သမီးကိုမေမေရိုက်ဖူးလား” လို့။ သူမကို ကလေးလေးတစ်ယောက်ရဲ့ လွပ်လပ်ပိုင်ခွင့် ရရှိသင့်တဲ့ချစ်ခြင်းတရား မေတ္တာတရားရဲ့လုံခြုံမှုကို အပြည့်အဝရစေဖို့ တအားကြိုးစားထားတယ်။ ကျွန်မသမီးလိုပဲ ကလေးတွေအားလုံးလည်း ဒီလိုမျိုး လွပ်လပ်စွာကြီးပြင်းခွင့်ရစေဖို့ ကျွန်မကြုံရသမျှကိုစာတွေရေးတယ်။ ဒါက တစ်ချိန်ကျရင် အနာဂတ်လှလှလေးမှာ ကျွန်မအိုချင်လို့မဟုတ်ဘူး။ အနာဂတ်လှလှလေးမှာ သူတို့လေးတွေ ရှင်သန်ကြီးပြင်းစေချင်လို့။ ကျွန်မတို့အများကြီးမှားခဲ့ပြီးပြီ။ ကျွန်မတို့အမှားတွေကိုလည်း ထပ်ထပ်ပြီးကျူးလွန်ခဲ့ပြီးပြီ။ ကျွန်မတို့မျိုးဆက်တွေကိုတော့ မှန်ကန်မှုတွေကိုပဲ လက်ဆင့်ကမ်းကြရအောင်ပါ။ အနည်းဆုံးတော့ ကျွန်မစာဖတ်သူတွေဆီမှာ ” သားသမီးဆိုတာ စွန့်လွှတ်တတ်ရတယ်။ ကိုယ်လိုရာပဲ ပုံသွင်းချင်တယ်။ ” စတဲ့ ကိုယ့်ကိုကိုယ်ပဲရှေ့တန်းတင်ပြီး ကိုယ်မှားဖူးတာတွေ လက်ဆင့်ကမ်းမယ့်မိဘတွေမပါရင်ကို ကျွန်မက ကျေနပ်ပါပြီ။ ကလေးတွေက ကမ္ဘာကြီးကို ပိုကောင်းအောင်လုပ်ပေးကြမယ့်သူတွေဆိုတာ လက်ခံလား? ကျွန်မတို့က အဲ့ကဏ္ဍရဲ့ အရေးအကြီးဆုံးအပိုင်းမှာ လက်တွေ့ပါဝင်ပတ်သတ်နေကြရတဲ့သူတွေပါပဲ။
မေဂျူး
04.07.2022 (Tues)
သမီးလေး ၇နှစ် ၂ရက်
သားလေး ၆လ ၂၂ ရက်

