မိခင်တစ်ယောက်ဖြစ်လာတဲ့အခါ

မိခင်တစ်ယောက်ဖြစ်လာတဲ့အခါ

ဘေးစကားတွေကို မျက်ကွယ်ပြုတတ်လာရမယ်။
လိုတာကိုယူ မလိုတာကိုပယ်တတ်တဲ့ အကျင့်လေးလည်းရှိလာရမယ်။
မိသားစု၊ ပတ်ဝန်းကျင်၊ အပေါင်းအသင်း၊ အထက်လူကြီး၊ ကိုယ့်ကျေးဇူးရှင် ဘယ်လိုလူမျိုးပဲဖြစ်နေပါစေ ကလေးနဲ့ပတ်သတ်လာရင် ကိုယ်တိုင်ဆုံးဖြတ်နိုင်ခွင့်ရှိရမယ်။
ဒီလိုမျိုး ဆုံးဖြတ်ခွင့်ရအောင်လည်း ကလေးနဲ့ပတ်သတ်ရင် ဘာမဆိုသိထားရမယ်။
ကလေးရဲ့အနာဂတ်ကို ဘယ်သူ့ဆုံးဖြတ်ချက်နဲ့မှ ပုံမဖော်ပဲ မိခင်ကိုယ်တိုင်ကပဲ ကလေးလေးရဲ့ဖြစ်တည်လာမှုကို အားပေးကူညီပေးနိုင်သူဖြစ်ရမယ်။
အများက A မို့ A လိုက်တာထက် ဘာလို့ A ဖြစ်ကြတာလဲ A ကဘာလဲဆိုတာကို ကိုယ်တိုင်လည်းလေ့လာ ကိုယ့်ကလေးနဲ့အဆင်ပြေ မပြေခွဲခြမ်းစိတ်ဖြာနိုင်ရမယ်။
မိခင်ပင်မဆိုထားနှင့် မိခင်မဖြစ်ခင် မိခင်လောင်းဘဝကတည်းက ရိုးရိုးမွေးခြင်း ခွဲမွေးခြင်းကို ကိုယ့်ရဲ့အခြေအနေ လုံလောက်တဲ့ဗဟုသုတနဲ့ ဆင်ခြင်ဆုံးဖြတ်တတ်ရမယ်။
ကြုံလာနိုင်မဲ့ဝေဒနာတွေ စားသင့်တာ မစားသင့်တာ လုပ်သင့်တာ မလုပ်သင့်တာတွေအကုန် သိရှိထားရမယ်။
ကလေးလေးမွေးပြီးတဲ့အခါလည်း မြန်မာဆေးသုံးခြင်း မသုံးခြင်း အစားရှောင်ခြင်း မရှောင်ခြင်းတွေနဲ့ မိခင်အားလုံးကြုံတွေ့နေကြတဲ့ ဒီငြင်းခုန်မှု မိသားစုရဲ့တိုက်တွန်းမှုတွေအပေါ် ကိုယ်တိုင်အဖြေထုတ်ပြီးဖြစ်နေဖို့လိုတယ်။
ကိုယ်ဝန်ဆောင်ချိန်ခက်ခဲတယ်ထင်သမျှ မွေးကင်းစကလေးတွေ့ရင် ကိုယ်ဝန်ဆောင်ချိန်တွေဆိုတာ အသက်သာဆုံးပဲဆိုတာသိလာမယ်။
မွေးကင်းစကလေးနဲ့ အိပ်ရေးပျက်မှုတွေကို ကျော်လွန်ချင်ခဲ့တာတွေ ၆လပြည့်လို့ ဖြည့်စွက်စာစကျွေးမှ နို့လေးပဲတိုက်ခဲ့ရတာတွေလွမ်းလာလိမ့်မယ်။
ဖြည့်စွက်စာနဲ့လုံးပန်းရင်း လမ်းလျှောက်တတ်လာတဲ့အခါ အရာရာသင်ယူလာတဲ့အရွယ်ရောက်တဲ့အခါမှ စိတ်ပင်ပန်းရင်းတောင် ဟန်ဆောင်ပြုံးရတာတွေကို အသားကျအောင် ကြိုးစားလာရလိမ့်မယ်။
ဒီလိုနဲ့ ကိုယ့်အားကိုယ်ကိုးတတ်ဖို့ စိတ်ထားဖြူစင်ဖို့ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားဖို့ ကစားရင်းသင်ယူဖို့ ကစားပေးရတာတွေ စတာ စတာတွေနဲ့ ပတ်ချာလည်ရင်း မောရမှာတောင် မေ့တတ်လာလိမ့်မယ်။
ဒါ့ကြောင့် ကိုယ့်ကလေးနဲ့တောင် မအားလပ်နိုင်ပဲ ဘေးစကားတွေနဲ့ မရှိ ရှိတဲ့အချိန်လေးမှာ ဒေါသထွက်နေရင် ကိုယ်ပဲရှုံးရမှာပဲ။
ကလေးက လိမ္မာလို့ပဲ ကိုယ့်ကိုချီးကျူးပါစေ ဆော့လွန်းလို့ဆိုးတယ်ပြောပါစေ ကိုယ်က ပြုံးပြနေပေးလိုက်ရင်ပြီးပြီ။
မလိုအပ်တာတွေရင်ထဲထည့်လို့ ခံစားနေရင် ကိုယ်ချည်းပဲခံဖက်ဖြစ်မယ်။
ကလေးလိမ္မာခြင်း ဆိုးခြင်းကို ဘေးလူစကားနဲ့ ပြောင်းလဲလို့ရမှာမဟုတ်ပေမဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခုကိုတော့ အတတ်နိုင်ဆုံးဖန်တီးပေးထားရမယ်။
ကြွားဝါခြင်း နှိမ့်ချခြင်း ဘဝခြင်းမတူတာတွေကို နှိုင်းယှဉ်လာတာတွေတွေ့ရတိုင်း နေတတ်ရမယ်။
ကိုယ်တိုင်ကလည်း ဒီလိုလူမျိုးမဖြစ်နေရဘူး။
ဒီလိုနဲ့ ကိုယ်လည်း မလိုအပ်တာတွေမျက်ကွယ်ပြုတတ်ပြီမို့ ဘဝတူတွေကိုလည်း အားဆေးတစ်ခွက်တိုက်လိုက်တယ်။

ဘဝမောတွေပြေကြပါစေ

မေဂျူး
၂၇.၆.၂၀၁၇ (အင်္ဂါ)
သမီးငယ်လေး ၁နှစ် ၁၁လ ၂၅ရက်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *