ကျွန်မမှာရှိတဲ့အရည်အချင်းတွေထဲမှာ ကျွန်မသဘောအကျဆုံးကတော့ ကျွန်မက စည်းရှိတာပါပဲ။ ကျွန်မကိုယ်ကျွန်မသတ်မှတ်ထားတဲ့ Boundary ထဲကနေ ဘယ်တော့မှ မထွက်ပါဘူး။
boundary
/ˈbaʊnd(ə)ri/
�a line which marks the limits of an area; a dividing line.
Boundary ဆိုတာ သတ်မှတ်ထားတဲ့ဧရိယာ တားထားတဲ့စည်းကိုခေါ်တာပါ။
ခင်လို့ဆိုပြီး ရသမျှအခွင့်အရေးမယူရပါဘူး။ လူတစ်ဖက်သားကို လေးစားခြင်း ကိုယ်ချင်းစာခြင်းတွေနဲ့ အဲ့စည်းကိုတားထားသင့်ပါတယ်။ သူကငါနဲ့ခင်လို့ ငါနဲ့သိလို့ဆိုပြီး ဘောင်လွတ်ပြောဆိုတာ အခွင့်ကောင်းယူတာတွေ လုံးဝ လုံးဝ မပြုမူသင့်ပါဘူး။
တစ်ဖက်သားရဲ့ professional ကို အလကားရယူသုံးစွဲတာမျိုးလည်း စည်းထားသင့်ပါတယ်။ အသိကဆရာဝန်မို့ ကိုယ်ကစ ကိုယ့်ကလေး ကိုယ့်မိတ်ဆွေ ရပ်ကွပ်ထဲကသူတွေအတွက်ကအစ သူများရဲ့ကိုယ်ပိုင်ချိန်ကို နှောက်ယှက်လို့မရပါဘူး။ ကိုယ့်မိသားစုအတွက် ဆေးခန်းသွားရမလွယ်မှသာ “အားရဲ့လား အားမှဖြေပေးပါနော် ကျေးဇူးတင်ပါတယ်” ဆိုတာမျိုးနဲ့သာ တစ်ဖက်ရဲ့ professional ကို တလေးတစားဆက်ဆံသင့်ပါတယ်။ ကျွန်မကစာရေးကောင်းလို့ဆိုပြီး ဘာမဆိုကျွန်မကိုလာရေးခိုင်းတာမျိုးလည်းအပါအဝင်ပါ့။
လုပ်ငန်းခွင်မှာလည်း Boundary တွေအများကြီးရှိပါတယ်။ လစာလိုက်မေးတာတွေ မဖြေချင်တဲ့ personal ကိစ္စတွေမေးတာတွေ ရှောင်သင့်ပါတယ်။ ကိုယ်အကူအညီလိုတဲ့အခါ သူများအားမှန်းမသိ မအားမှန်းမသိ သွားခိုင်းလို့မရပါဘူး။ ဒါလေးကို တတ်နိုင်ရင်ကူညီပေးနိုင်မလားလို့ ယဉ်ကျေးစွာမေးတတ်ရပါတယ်။ ကူညီပေးတဲ့အခါလည်း ကျေးဇူးတင်ပါတယ်ပြောတတ်ရပါတယ်။ အခါအခွင့်သင့်တိုင်း ကိုယ့်အကူအညီလိုလား ပြန်ပြီး offer လုပ်တတ်ရပါတယ်။
မိသားစုတွေမှာလည်း ထိုနည်း၎င်းပါပဲ။ အခါအခွင့်သင့်တိုင်းကျေးဇူးတင်တယ်ပြောတတ်ရပါတယ်။ ကိုယ့်အိမ်ထောင်ဖက်တင်ဖြစ်လင့်ကစား သူအားရဲ့လားဆိုတာ သူ့ရဲ့ schedule ကို တလေးတစားမေးမြန်းတဲ့အကျင့်လေးရှိသင့်ပါတယ်။ သူ့ professional အလုပ် ကိုယ့် professional အလုပ်တွေမှာ အရမ်းစွက်ဖက်တာမျိုးကို စည်းထားသင့်ပါတယ်။ profession ခြင်းမတူရင် အလုံးစုံနားမလည်နိုင်ပါဘူး။
ကျွန်မတို့ လူမှုပတ်ဝန်းကျင်မှာ လူတိုင်း Boundary လေးတွေနဲ့ နေကြရင် အတော်အဆင်ပြေမှာပါ။ အားနာရတာ မျက်နှာပူရတာတွေ အတော်လျော့မှာပါ။ အားနာတယ်ဆိုတဲ့စကား English လိုမရှိပါဘူး။ ဘာလို့ဆို Boundary ရှိရင် အားနာစရာတွေလည်း ရှိတော့မှာမဟုတ်ဘူး။ ကျွန်မက ကိုယ့် Boundary နဲ့ကိုယ်နေတတ်သူမို့ ဒီတန်ဖိုးကိုကောင်းကောင်းသိပါတယ်။ လူတစ်ယောက်ရဲ့ image ဟာ ဒီပေါ်မှာလည်း အများကြီးမူတည်နေတာပါပဲ။
မေဂျူး
14.07.22 (Thurs)

