“Depression” ဆိုတာက စက္ကူရွက်ပေါ်မှင်စက်ကျသလိုပါပဲ
တဖြည်းဖြည်းပြန့်ပြန့်လာတယ်
သူစလာပြီဆိုတာနဲ့ ချက်ချင်း မိုးအုံ့သွားသလိုပေါ့
ကိုယ့်ရဲ့ဘယ်အရာကိုမှ ရှင်းရှင်းလင်းလင်းမြင်လို့မရတော့ဘူး
အရာရာဟာ အုံ့မှိုင်းမဲမှောင်နေတာပဲ
ငါပဲ ကံဆိုးတာ
ငါမို့လို့ဖြစ်နေတာ
ငါ့ကျမှဖြစ်ရလားကွာဆိုတဲ့ စိတ်တွေနဲ့ ပိုပိုပြန့်လာတဲ့ မှင်ကွက်လိုပဲ အကုန်စွန်းထင်းတော့တာပဲ
သိတာပေါ့ အားလုံးခက်ခဲနေတာ မလွယ်ကူတာ ပျော်မနေတာ
ဒါပေမယ့် Depression က အဲ့အသိကြီးကိုပါ နံရံအမည်းကြီးနဲ့ကာချပစ်လိုက်တာ
ဒီတော့ ဘာကိုမှ မမြင်နိုင် မတွေးနိုင်တော့ဘူး
အရာရာဟာ negative ဖက်ကချည်း တိုးဝင်လာတော့တာပဲ
အဲ့အချိန်ကျရင် ခလုတ်တိုက်တာကအစ သောက်နေတဲ့ကော်ဖီခွက်မှောက်တာအဆုံး ရှိုက်ကြီးတငင်ထိုင်ငိုမိတဲ့အထိဖြစ်လာတော့တာပဲ
အဲ့အချိန်ကျ “ငါဆိုရင်” ဆိုတဲ့စကားနဲ့စတာတွေက မကြားချင်ဆုံးပါပဲ
‘ငါဆိုရင်’ ‘ငါ့တုန်းက’ ‘နင်ကမှတော်သေးတယ်’ အလွန်ဖျားနာစရာစကားစုတွေဆိုတာ မှတ်ထားပေးပါ
ဒီလူဟာ depression ဝင်နေပြီဆိုရင် သူဟာ ကံအဆိုးဆုံးလူလို့ သူ့ကိုယ်သူ သတ်မှတ်ထားပြီးပြီပဲ
ထပ်ပြီးတော့ drama များ legend များရဲ့ story များကို နားဆင်လိုတော့မှာမဟုတ်ပါဘူး
“That’s more than enough for him/her.”
ပင်ပန်းပါတယ်
ပင်ပန်းနေတဲ့သူတွေ ပင်ပန်းမှုတွေကိုလက်လျှော့သွားသူတွေကို ငါဆိုရင် ဆိုတာတွေနဲ့ ချိန်ထိုးကြတာ မြင်ရတာပိုပင်ပန်းပါတယ်
တကယ့်တကယ် တစ်ခုခုကို ဆုံးဖြတ်ချက်ချပြီးသူဟာ ဘယ်တော့မှ လွတ်မြောက်ရာမရှာတော့ဘူး
စကားလည်း လာမပြောတော့ပါဘူး
လက်မြှောက်အရှုံးပေးပြီးပြီမို့ ဘာမှမထူးတော့ပါဘူးဆိုတာကို အလုံးစုံလက်ခံသွားတာမို့ပါ
တကယ်ကို ထွက်သွားတော့မယ့်သူဟာ ထွက်သွားချင်တဲ့ အရိပ်အယောင်သာပြမယ်
သူထွက်သွားတော့မယ်ဆိုတာကို ထွက်သွားပြီးမှ သိလိုက်ကြတာချည်းပါပဲ
ထွက်သွားကြတဲ့သူတွေကို “ငါဆိုရင်” တွေနဲ့ ဝိုင်းဝိုင်းမပြောကြပါနဲ့
ငါနဲ့စတဲ့ပုံပြင်တွေက တကယ်ကို အထောက်အကူမဖြစ်ပါဘူး
ပြောချင် ကိုယ့်ဘာသာ သပ်သပ်ပြောကြပါ
စိတ်ဓာတ်ကျနေသူများ ထွက်သွားသူများအောက်မှာ လိုက်လိုက်ရေးတာ တကယ်အဆင်မပြေပါဘူး
လူတိုင်း လူတိုင်းက ဆက်ပြီးရှင်သန်ဖို့နည်းလမ်းကို နည်းမျိုးစုံနဲ့ရှာကြပါတယ်
တွေ့သွားတဲ့သူတွေက ဆက်လက်ရှင်သန်ပြီး
ရှာမတွေ့တဲ့သူတွေကတော့ တိတ်တိတ်လေးထွက်သွားကြတာပါပဲ
တိတ်တိတ်လေးထွက်သွားကြတဲ့သူတိုင်းကလည်း နောက်ဆုံးချိန်ထိ ရှင်သန်ဖို့နည်းလမ်းရှာခဲ့ကြမှာပါပဲ
ဒါကြောင့်လေ behind every tragic story မှာ သူတို့ တအားကြိုးစားခဲ့ကြမယ်ဆိုတာလေးကို သတိရပေးပါ
ဒါကြောင့် “ငါဆိုရင်” ဆိုတာလေးတွေနဲ့ တွဲတွဲမပြောကြ မရေးကြပါနဲ့
သူတို့အတွက် That’s more than enough မို့ပါ
ဒီလောက်ပါပဲ
မေဂျူး
27.10.22 (ကြာသာပတေး)

