မနေ့ညက သားလေးအိပ်ချိန်မို့ သားကိုချီပြီး အခန်းထဲဝင်လာခဲ့တယ်။ သားကထုံးစံအတိုင်း အိပ်ယာတစ်ခုလုံးလှိမ့်ပြီး မအိပ်မချင်းဆော့တာကို ငိုက်ရင်းနဲ့စောင့်နေရတယ်။ အိမ်ရှေ့မှာကတော့ ဂိမ်းမဆော့ရလို့ဂျီကျငိုယိုနေတဲ့သမီးနဲ့ သူ့အဖေကျန်ခဲ့တာပေါ့။ တစ်ချက်တစ်ချက် သမီးငိုသံက အခန်းထဲဝင်ဝင်လာတယ်။ စိတ်ထဲမှာတော့ ရစ်လိုက်တာအရမ်းပဲဆိုပြီး စိတ်ရှုပ်နေမိတယ်။ သမီးက ၇နှစ်နောက်ပိုင်းတော်တော်လေးရစ်လာတယ်။ ၁ နှစ်မပြည့်သေးတဲ့သားတစ်ဖက် အလုပ်တစ်ဖက်နဲ့မို့ များသောအားဖြင့်ပင်ပန်းနေတတ်တော့ သမီးရစ်ရင် တော်တော်လေးစိတ်ရှုပ်မိ မျက်နှာကဆူပုတ်လာမိတယ်။ အပြင်ရောက်လည်းဒီလိုပဲ။ အဲ့လိုဖြစ်လာတိုင်း ကလေးတွေအဖေက နင်သွားလိုက်တော့ရတယ် င့ါသမီးငါပြောမယ်ဆိုပြီး အမြဲသမီးကိစ္စကို ဆက်ရှင်းပေးလေ့ရှိတယ်။ ကိုယ်ကလည်း သားတစ်ဖက်ချီရင်း တစ်ခါတစ်ခါ အခွင့်ကောင်းယူလာမိတယ်။ မနေ့ညကအကြောင်းဆက်ပြောရရင် အခန်းရှေ့မှာ လာချောင်းကြည့်တဲ့ ကလေးတို့အဖေကိုတွေ့လိုက်ရတော့ လှိုက်ခနဲ ပျော်သွားမိတယ်။ သားကိုချီသိပ်ပေးဖို့လာချောင်းတာထင်တယ်ပေါ့။ အခွင့်အရေးကို အပြည့်အဝကိုယူချင်မိတဲ့သဘောလည်းပါတယ်။ ကိုယ်ကအိပ်ယာထဲဖုန်းလေးကြည့်ရင်းကျန်ခဲ့မယ်။ သူက သားလေးသိပ်ပေး အိပ်တာနဲ့ ကိုယ့်ဘေးနားလာချပေးပေါ့။ အဲ့လိုညတွေက ကိုယ်သိပ်သက်တောင့်သက်သာရှိတာပဲလေ။ ဒါပေမယ့် သူက သားကိုသိပ်ပေးဖို့မဟုတ်ဘူး။ “သားအိပ်ပြီလား။ မအိပ်သေးရင် အိမ်ရှေ့လာကြည့်။ မီးငယ်သွားလေးကျိုးသွားပြီ။ ငိုနေတာချစ်စရာလေး” တဲ့။ သမီးက သွားပေါက်နောက်ကျတော့ သွားတွေက ၇နှစ်ကျော်တဲ့အထိမကျိုးလို့ အရိပ်တကြည့်ကြည့်နဲ့စောင့်ကြည့်နေခဲ့တာ။ နောက်ဆုံးတော့ သူမ သွားလေးကျိုးသွားပြီ။ သူ့အဖေကတော့ သွားလေးကိုတယုတယကိုင်ကြည့်ရင်း ချစ်စရာလေးတဲ့ သူ့သမီးလေးကြည့်လိုက် သွားလေးကိုကြည့်လိုက်နဲ့။
ကျွန်မက ဒီမြင်ကွင်းကိုမြင်ပြီး ငိုချင်သွားတာပါပဲ။ ဘာကိုဝမ်းနည်းမှန်းမသိပဲ ငိုပဲငိုချင်မိတယ်။ ဒါကမိသားစုဆိုတဲ့အနှစ်သာရလား။ တစိမ်းနှစ်ယောက်ပေါင်းဖက်လိုက်ပြီး ကလေးလေးတွေဖြစ်တည်လာတဲ့အခါ ကလေးလေးတွေက နှစ်ယောက်လုံးပေါင်းစပ်မှုရှိနေပေမယ့် လင်နဲ့မယားဆိုတာတော့ လုံးဝသွေးမနီးတဲ့ သူစိမ်းနှစ်ယောက်ပဲမဟုတ်လားနော်။ လူတစ်ယောက်ဟာ ကိုယ့်အပေါ် ဘယ်လောက်ချစ် ဘယ်လောက်သည်းခံ ဘယ်လောက်အနွံတာခံနိုင်မှာလဲ။ ယောကျာ်းတစ်ယောက်ကရော သားသမီးအပေါ်ဘယ်လောက်ချစ် ဘယ်လောက်အရာရာပေးဆပ်နိုင်မှာလဲ။ ကျွန်မက broken family ကနေ ကြီးပြင်းလာတဲ့သူမို့ ကျွန်မမှာအမြဲ ခေါင်းထဲကအဲ့အတွေးဆိုးတွေဟာနှောက်ယှက်လေ့ရှိတယ်။ တစ်နေ့ကျ သူစိတ်ပျက်သွားမှာပဲ သူချစ်တဲ့သူနောက်တစ်ယောက်တွေ့သွားမှာပဲ ငါ့ကိုထားခဲ့နိုင်တာပဲ ငါနဲ့ပြသနာတက်တာနဲ့ငါ့သားသမီးတွေကိုပါထားခဲ့မှာပဲ စတဲ့စကားတွေကို ကျွန်မနားထဲ ကျွန်မ မဟုတ်တဲ့ ကျွန်မနောက်တစ်ယောက်ကလာပြောနေလေ့ရှိတယ်။ မှတ်မှတ်ရရဆို မင်္ဂလာမဆောင်ခင်ကတည်းကပဲဖြစ်လိမ့်မယ်။ အဲဒီ့တုန်းကလည်း ကျွန်မကိုနှိပ်စက်တဲ့အတွေးကတော့ နင်ဘယ်တော့မှချစ်သူနဲ့အတူနေခွင့်ရမှာမဟုတ်ဘူး နင့်ဘဝမှာ နင်အလုံးစုံပျော်ရွှင်ခွင့်ရမှာမဟုတ်ဘူး နင်တို့မပေါင်းရပါဘူး အဲ့လိုစကားတွေကြားယောင်ရင်း မင်္ဂလာပွဲမတိုင်ခင် သူကျွန်မဘေးမှာ ဘေးမသီရန်မခပဲရောက်လာမှ ကျွန်မစိတ် ဒုံးဒုံးချနိုင်ခဲ့တာလေ။ ခုရော ဘာထူးသေးလဲ။ သမီးရယ် သားရယ်နဲ့ အကုန်လုံးကအားကျရတဲ့မိသားစုလေးပိုင်ဆိုင်ထားရတယ်။ ဒါပေမယ့် ကျွန်မနားထဲကို ဒီမိန်းမကြီးက လာပြောနေပြန်ပြီဗျာ။ ကျွန်မရဲ့ပျော်ရွှင်ရတဲ့အခိုက်အတန့်တိုင်းဆို သူကလာလာဖျက်ဆီးနေတာပဲ။
လင်မယားချင်း ကတောက်ကဆဖြစ်တဲ့အခါ မချစ်ဘူးကုန်းအော်တာလည်းကိုယ်ပါပဲ။ နင်ဆင်းသွားလို့အကြိမ်ရေများစွာပြောခဲ့ပေမယ့် ဒီနေ့ထိ ၈နှစ်လုံးလုံး တစ်ခါမှ ဆင်းမသွားခဲ့တာ သူပါပဲ။ သူ့ဖက်ကတော့ တစ်ခါလေးတောင်မှ မချစ်ဘူးဆိုတာ မပြောခဲ့ဖူးဘူး။ သူပြောလိုက်ရင်လည်း နှစ်ပေါင်းများစွာထိ တွေးမိတိုင်းငိုနေမိမှာလည်း ကျွန်မပါပဲ။ တကယ်တော့ ကျွန်မကိုဘယ်သူမှမလိုချင်တဲ့အချိန်တိုင်း စွန့်ပစ်ကြတဲ့အချိန်တိုင်းမှာ ကျွန်မကိုအမြတ်တနိုးနဲ့ တန်ဖိုးထားချစ်တာ သူပဲရှိပါတယ်။ ကျွန်မရဲ့စိတ်ဓာတ်ကျနေတဲ့အချိန်တိုင်းမှာ ကျွန်မဘေးမှာရှိနေတာလည်း သူပဲရှိတာပါ။ ကျွန်မကိုဘယ်တုန်းကမှပစ်မသွားခဲ့ဘူး။ စိတ်ပျက်ပုံတောင်မပြခဲ့ဘူး။ မရေမတွက်နိုင်အောင်စကားတွေများဖူးတယ်။ လနဲ့ချီအောင်စကားမပြောပဲနေခဲ့ဖူးတယ်။ အဆုံးမှာတော့ ကျွန်မနားမှာမခွာပဲရှိနေပေးတာ သူပဲရှိတာပါ။ ဒါကိုတောင်မှ ဘာလို့ ကျွန်မနားထဲမှာ ဒီအမျိုးသမီးပြောသမျှစကားတွေကို ကျွန်မက လိုက်ခံစားနေရတာလဲ။ ကျွန်မပျော်စရာရှိပျော်ပစ်လိုက်ပါလားနော်။
ဒါတွေရဲ့အစက ဘယ်ကလဲ ကျွန်မသိပါတယ်။ ကျွန်မကအမြဲတွေးတော ဆင်ခြင်နေတတ်တဲ့သူမို့ ကျွန်မရဲ့ဒီစိတ်တွေမြစ်ဖျားခံရာကဘယ်ကနေစလဲ ကျွန်မ သိပါတယ်။ ဒါကြောင့်လေ ကျွန်မ သမီးလေးရယ် သားလေးရယ်အတွက်ဆို အမြဲတမ်း ချစ်ခြင်းတွေနဲ့ပြည့်ဝတဲ့အသိုက်အမြုံလေးတစ်ခုဖန်တီးပေးချင်တယ်။ သံသယတောင်မဝင်တဲ့ချစ်ခြင်း ယုံကြည်မှုအပြည့်နဲ့ချစ်ခြင်း trauma တွေကင်းတဲ့ချစ်ခြင်းတွေကိုပဲ ရစေချင် ယုံစေချင်မိတယ်။ သမီးနဲ့သားက တစ်ယောက်ကိုတစ်ယောက်သိပ်ချစ်ကြတာပဲ။ သမီးကလည်း မိဘကိုညှာတာသော သိတတ်သော သမီးလေးဖြစ်လာသလို သားကလည်း ဒီမိသားစုမှာကြီးပြင်းရလို့ ရှေ့က အဖေ အမေ အစ်မကိုကြည့်ပြီး သူလေးလည်း ချစ်ခြင်းရဲ့အဓိပ္ပာယ်ကိုကောင်းကောင်းသိလာလိမ့်မယ်။ သူတို့သွားလေးကျိုးတာကအစ ခုန်ပေါက်ပျော်ပေးတဲ့မိသားစုမျိုး လမ်းစလျှောက်တတ်တဲ့နေ့လေးအကြောင်းကို တယုတယနဲ့ နှစ်ပေါင်းများစွာထိပြောပြနေမယ့်မိသားစုမျိုး အရာရာထက်မိသားစုကိုချစ်ပြီးအချိန်ပေးကြမယ့်မိသားစုဝင်တွေဖြစ်လာတာမို့ ဘဝရဲ့ခက်ခဲတဲ့အခိုက်အတန့်တိုင်းမှာ အတူဝင်တိုက်ပေးမယ့် ရဲဘော်ရဲဖက်တွေရှိနေမှာမို့ ရှိနေတယ်လို့ ယုံကြည်နေမှာမို့ မေမေ့လိုမျိုး ကိုယ့်အတွေးထဲကအမျိုးသမီးနဲ့ တစ်ချိန်လုံး ကိုယ့်ကိုကိုယ်ယုံကြည်မှုပြန်တည်ဆောက်နေရတဲ့သူတွေဖြစ်လာမှာမဟုတ်တော့ဘူးပေါ့။ မေမေကတော့ သိသိကြီးနဲ့ နှင်ထုတ်မရပဲ ဆက်ပြီးတိုက်ပွဲဝင်နေရဦးမှာပါပဲ။
သမီးသွားလေးကျိုးသွားတဲ့နေ့က မေမေတို့ဘဝရဲ့ ရင်အခုန်ရဆုံးနေ့လေးတစ်နေ့ပဲဆိုတာ သမီးလေးအသက်တွေကြီးလာတဲ့ထိမေမေတို့က ပြောပြနေမိမှာပဲ။ အဲဒီ့အခါကျ သမီးအဖေရဲ့အပြုံးတွေအကြောင်းကတော့ မပါမဖြစ်ပေါ့ သမီးရယ်။
မေဂျူး
18.11.22 (Friday)
သမီးလေး ၇နှစ် ၄လ ၁၆ရက်

