မိသားစုကိုတန်ဖိုးထားမှ မိသားစုကတန်ဖိုးပြန်ထားမှာပါ။
ကိုယ်တိုင်ကမိသားစုကိုတန်ဖိုးမထားရင် မိသားစုကလည်း ကိုယ့်ကိုတန်ဖိုးထားမှာမဟုတ်ဘူး။
“မိသားစုတန်ဖိုး” ဆိုတာ ကိုယ့်ရဲ့ဝင်ငွေ ကျော်ကြားမှု အပေါင်းအသင်းဝင်ဆံ့မှုပေါ် မူတည်တာမဟုတ်ဘူး။
“မိသားစုတန်ဖိုး” ဆိုတာ ကိုယ်ဟာ ဒီမိသားစုအပေါ် ချစ်ခင်ကြင်နာမှု တာဝန်ယူမှု မြတ်နိုးတွယ်တာမှု ပထမနေရာကနေစဉ်းစားပေးမှုတွေအပေါ်သာမူတည်နေတာပါ။
ဒါ့ကြောင့် မိဘတွေအနေနဲ့ ငွေတွေရှာနိုင်တိုင်း နာမည်ကြီးကျော်ကြားတိုင်း မိသားစုထဲမှာ တန်ဖိုးအရှိဆုံးလို့ခံယူလိုက်လို့မရပါဘူး။
ကိုယ်တိုင်လည်း ဒီလိုဆင်ခြင်ပါတယ်။ Working mom မို့ ငွေရှာနေတာပဲဆိုပြီး ကလေးတွေကို ပစ်ထား အချိန်မပေးတာမျိုးအဖြစ်မခံဘူး။ မိသားစုအသိုက်အမြုံထဲမှာဆို ကျွန်မက “မိခင်”သပ်သပ်သာပါပဲ။ ရှိထားတဲ့ဂုဏ်ပုဒ်တွေရာထူးတွေအကုန်လွှတ်ချ သားနဲ့သမီးလိုအပ်တဲ့မိခင်ပုံစံအတိုင်းသာ ချစ်ခင်ကြင်နာပါတယ်။
ငါ့တန်ဖိုးကိုမသိကြဘူး။ ငါ့ကိုတန်ဖိုးမထားဘူး။ ငါ့ကိုတန်ဖိုးထားပါလို့ ပါးစပ်ကထုတ်ပြောရုံနဲ့မရပါဘူး။
ကိုယ့်ရဲ့တန်ဖိုးကို ကိုယ့်အပြုအမူ လုပ်ရပ်ကတစ်ဆင့် မိသားစုကသတ်မှတ်တာပဲဖြစ်တယ်။
ပင်စင်ယူတာကြာပြီဖြစ်တဲ့ဖေဖေကို တစ်အိမ်လုံးကလေးစားကြဆဲတို့ တစ်ဘဝလုံးအပြင်အလုပ်မလုပ်ဖူးပဲ အိမ်ရှင်မအဖြစ်ရှိခဲ့တဲ့မေမေကို တစ်အိမ်လုံးကအမြတ်နိုးဆုံး တန်ဖိုးအထားဆုံးတို့ အများကြီးကြားဖူးမှာပေါ့။ ဒါဟာသူတို့ရဲ့မိသားစုအပေါ်တန်ဖိုးထားမှု ဘယ်လောက်တောင် တန်ဖိုးထားခဲ့လဲဆိုတာရဲ့အဖြေပါပဲ။
မိသားစုကိုတန်ဖိုးထားသော မိသားစုကတန်ဖိုးထားခံရသူများဖြစ်ကြပါစေ။
မေဂျူး
06.01.2022 (Thursday)
သမီးလေး ၆နှစ် ၆လ ၄ရက်
သားကလေး ၂၄ ရက်

