Baby Center မှာ ဝင်ဖတ်ရင်းနဲ့ ဒီ article လေးက စိတ်ဝင်စားစရာကောင်းလို့ မေမေတို့ကိုပါ ဝေမျှရအောင် ဘာသာပြန်ပေးလိုက်ပါတယ်။ ကလေးလေးတွေနဲ့ သူတို့ဘယ်သွားသွားသယ်သွားလေ့ရှိတဲ့ အရုပ် (ဒါမှမဟုတ် တစ်ခြားပစ္စည်းတစ်ခုခု)အကြောင်းပါ။
အဲဒီ့အရာလေးကို “lovey”လို့ခေါ်ပါတယ်။ ကလေးလေးတွေအများစုက အိပ်ယာဝင်တဲ့အခါမှာ ဒါမှမဟုတ် ၄င်းတို့ကိုချော့မြူဖို့ရန်အတွက် စောင်, teddy bear ဒါမှမဟုတ် “lovey”တစ်ခုခုကို သူတို့သိပ်ကိုတွယ်တာလေ့ရှိပါတယ်။ စိတ်ပညာအရ “lovey” ကို အပြောင်းအလဲပြုလုပ်ပေးတဲ့ပစ္စည်းလို့ခေါ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လုံးဝမှီခိုပြီးနေရတဲ့မွေးကင်းစလသားလေးအရွယ်ကနေ အမှီအခိုကင်းတဲ့လူသားတစ်ယောက်အဖြစ် တစ်ဖြည်းဖြည်းပြောင်းလဲလာစဉ်မှာ “lovey” လေးတွေက သူတို့ကို အဲ့အကူးအပြောင်းကာလမှာ တစ်ခုတည်းသောရင်နှီးတဲ့အရာလေးအနေနဲ့ ကူညီပေးလို့ပါ။
ကလေးအများစုရဲ့တစ်ဝက်လောက်က “lovey” တစ်မျိုးမျိုးကို တွယ်မက်တတ်ကြပါတယ်။(နှစ်သိမ့်မှုပေးတဲ့အရာလို့လဲခေါ်ပါတယ်) ပုံမှန်အားဖြင့်တော့ အသက် ၈ လကနေ ၁၂လလောက်စတင်ပြီး တွယ်တာတတ်ကြပါပြီ။ တစ်ချို့တွေကတော့ အစောဆုံး ၆လလောက်နေစတတ်ပါတယ်။
“lovey” လေးတွေကို ကလေးလေးတွေ ဘာလို့ချစ်ကြတာပါလဲ?
“lovey” လေးတွေရဲ့အနံ့နဲ့ အတွေ့အထိတွေက ကလေးလေးတွေနဲ့ ရင်းနှီးပြီးသားဖြစ်နေလို့ပါ။ မိဘနဲ့အတူမရှိတဲ့အခါ မရောက်ဖူးတဲ့ပတ်ဝန်းကျင်တွေရောက်တဲ့အခါမှ “lovey”လေးကသာ သူတို့ကို နွေးနွေးထွေးထွေးနဲ့ မိမိအိမ်မှာရှိသကဲ့လုံခြုံစေတဲ့ ခံစားချက်မှုမျိုးကိုပေးလို့ပါပဲ။
“lovey”လေးတွေက ပျော့အိအိနဲ့ ဖက်ထားလို့လဲရပါတယ်။ ခွေးရုပ်အိအိလေးပဲဖြစ်ဖြစ်၊ ကလေးလေးတွေရဲ့မွေးပွခြုံစောင်လေးပဲဖြစ်ဖြစ်၊ ပြောင်ချောချော ခွလုံးလေးပဲဖြစ်ဖြစ် ဖက်ထားရတာကိုက သူတို့လေးတွေကို နွေးထွေးစေတယ်လေ။
မိဘတွေကရော ဘာလို့ “lovey” လေးတွေကိုချစ်တာလဲ?
“lovey”က သင့်အတွက်လည်း အလွန်အသုံးဝင်လို့ပါပဲ။ ဝက်ဝံရုပ်လေး (သို့) မွေးပွခြုံစောင်လေးက မေမေတို့ရဲ့ကလေးငယ်လေးကို သူတို့ဘာသာသူတို့ တည်ငြိမ်သွားအောင် လုပ်ပေးနိုင်ပါတယ်။ preschool စတက်တဲ့အခါ၊ ကလေးပုခက်မှ လူကြီးအိပ်ယာသို့ပြောင်းသိပ်သည့်အခါ၊ နေရာအသစ်သို့ ခရီးထွက်သည့်အခါတွေမှာ “lovey” လေးတွေကို သင့်ကလေးအထောက်အကူဖြစ်စေရန်အတွက် ယူသွားပေးသင့်ပါတယ်။
SIDS (Sudden infant death syndrome) မဖြစ်စေရန်အလို့ငှာ ၁ နှစ်အောက်ကလေးငယ်များနှင့် “lovey”များ အတူတကွပေးမအိပ်ပါနှင့်။
ကလေးငယ်များကြိုက်တတ်သည့် ထူးဆန်းသော “lovey” လေးများလည်းရှိပါသည်။ ကလေးငယ်များသည် “lovey”ဟုပင်သတ်မှတ်၍မရသော အရာများကိုလဲ လွန်စွာပင် တွယ်တာတတ်ကြပါသေးသည်။ အောက်တွင်ဖော်ပြထားသည့်အရာများမှာ Baby Center မိဘများမှ ပြောပြထားသော ထူးဆန်းသော “lovey”များထဲမှ အနည်းငယ်ဖြစ်သည်။
- ရီမုတ်
- ရေချိုးလျှင်သုံးသော ရေမြုပ်
- ကလေးကစားစရာ အိမ်ဆောက်သောအတုံး
- အမေဝတ်သော ညဝတ်ပိုးသားဂါဝန်
- ရာဘာဘဲရုပ်
- အဝတ်အစားများပေါ်တွင် တံဆိပ်အဖြစ်တပ်ထားသော ပြောင်ချောချောပိတ်စ
- အိမ်သုံးဖုန်စုပ်စက်မှခေါင်း
- နံပါတ်ဖြင့်ပိတ်/ဖွင့်ရသော သော့
- ကြိုးကျစ်ထားသော ကော်ဇောများ
- အရုပ်ကားများ
- ခွေးနားရွက်
- ဆံပင်ဖြီးသည့်ဘီး
ယေဘူယျအားဖြင့် ကလေးငယ်များကြိုက်တတ်သည့် “lovey”များမှာ အဆင်ပြေသော်လည်း ကလေးငယ်များပါးစပ်ထဲ နှာခေါင်းထဲဝင်နိုင်သော အသက်ရှုကြပ်စေနိုင်သော အလွန်သေးငယ်သောအရာများမဖြစ်စေရန် သတိပြုသင့်ပါသည်။
“lovey”များကို ကလေးငယ်များ ဘယ်အချိန်မှာစွန့်လွှတ်တတ်ကြပါသလဲ?
သင့်ကလေးငယ်မှာ “lovey”လေးတစ်ခုရှိနေပြီဆိုရင်တော့ အသက် (၁၈)လ မှ (၂၄)လအရွယ်မှ စတင်၍ “lovey”များအပေါ်စိတ်ဝင်စားမှု လျော့နည်းလာတတ်ပါတယ်။ ဒါဟာ ၄င်းတို့နှင့် ထိတွေ့နေရသော ပတ်ဝန်းကျင်ကြောင့် ဖိအားတစ်စိတ်တစ်ပိုင်းကြောင့်ဖြစ်ပါတယ်။
ကလေးသူငယ်များနှင့် အခြားသူများနှင့်ထိတွေ့ဆက်ဆံလာသည်နှင့် မူကြိုစတက်ကြသည့်အရွယ်များတွင် ဥပမာ- အခြားကလေးအများစုသည် ကျောင်းသို့ ခြုံစောင် (သို့) အရုပ်အိအိလေးများအား ၄င်းတို့နှင့်အတူတစ်ချိန်လုံးထွေးပွေ့မထားကြောင်းတွေ့ရသည့်အခါတွင် မိမိ၏ “lovey”လေးကို သွားလေရာသယ်တတ်သည့်အကျင့်ကိုလည်း စွန့်လွှတ်တတ်ကြလေ့ရှိသည်။ ထိုသို့ပြုလုပ်ခဲ့ပါကပြသနာမရှိပါ။ သို့သော်လည်း သင်၏ လမ်းလျှောက်ခါစကလေးငယ် (သို့) မူကြိုတက်ကာစကလေးငယ်၏ “lovey”အား ၄င်းတို့ကိုယ်တိုင် စွန့်လွှတ်ဖို့အဆင်သင့်မဖြစ်သေးခင် မိဘများမှ မတားဆီးသင့်ပါ။
သို့တိုင်အောင် တစ်ချို့သောအခြေအနေများတွင် သင်၏ကလေးငယ်“lovey”အား အိမ်တွင်ထားခဲ့စေရန် သင်ပေးနိုင်ပါသည်။ ကလေးငယ်နှင့်မစိမ်းသော၊ နေရာအသစ်မဟုတ်သော နေရာများကိုသွားရာတွင်၊ မိမိကိုယ်တိုင်ကလေးနှင့်အတူတကွရှိနေပြီး ၄င်းလိုအပ်သောနှစ်သိမ့်မှု ဖေးမမှုပေးနိုင်သောအခါများတွင် ကလေးငယ်အား “lovey”လေးကို အိမ်တွင်ထားခဲ့ရန် အကြံပေးပြောဆိုနိုင်ပါသည်။ ထိုအခါတွင် သင်၏ကလေးငယ်မှ တွေဝေခြင်း၊ ဒေါသဖြစ်ခြင်းများဖြစ်ပေါ်နိုင်သော်လည်း ကလေးငယ်အများစုမှာ ဖေဖေ မေမေနှင့်အတူ သွားရသောနေရာများသို့ “lovey”များ သယ်သွားလေ့မရှိပါ။
“lovey”လေးများကို ကလေးငယ်များအလွန်တွယ်တာနိုင်ပါသလား?
များသောအားဖြင့် ကလေးငယ်များ“lovey”ကို အလွန်နှစ်ခြိုက်တွယ်မက်ခြင်းသည်ပြသနာမရှိပါ။ “lovey”အပေါ်အလွန်မှီခိုနေခြင်းမဟုတ်လျှင် အသက်ကြီးလာသည်နှင့်အမျှ “lovey”အပေါ်စိတ်မလျော့ပဲ ဆက်လက်နှစ်ခြိုက်နေမှုသည်လည်းပြသနာမရှိပါ။
ကလေးအများစုနှင့် လူကြီးများသည်ပင် ကလေးဘဝ၏အမှတ်တရအဖြင့် “lovey”ကို သိမ်းထားလေ့ရှိပါသည်။ သင်၏ကလေး ကောလိပ်တက်သည့်တိုင် “lovey”ကိုအတူတကွသယ်သွားခြင်းသည်ပင် သင်၏ကလေးတစ်ယောက်တည်း ဤသို့ပြုမူနေသည်မထင်ပါနှင့်။ သို့သော် “lovey”အား အလွန်တွယ်တာ၍ “lovey”အား မိမိကိုယ်ကိုနှစ်သိမ့်အားပေးရန်အတွက်အသုံးပြုနေခြင်းသည် ကျောင်းနေအရွယ်တွင် တစ်ဖြည်းဖြည်းနှင့် လျော့ပါးလာသင့်ပါသည်။
သို့သော် ခြွင်းချက်အနည်းငယ်လည်း ရှိပါသေးသည်။ ကလေးများ ကြီးကောင်ဝင်ချိန်တွင် စိတ်လှုပ်ရှားရသော အခက်အခဲကြုံရသော အခြေအနေများတွင် “lovey”မရှိပဲ မိမိကိုယ်ကို တည်ငြိမ်အောင်ပြုလုပ်နိုင်ခြင်းမရှိပါက ထိုအခြင်းအရာသည် personality disorder လက္ခဏာရပ်ဖြစ်နိုင်ပါသည်။
ထိုနည်းတူစွာပင် သင်၏ကလေးငယ်မှာ ကားရုပ် (သို့) ရထားရုပ်လေးတစ်ခုကိုသာ အလွန်တရာတွယ်မက်၍ သွားလေရာသယ် တစ်ခုတည်းကိုသာ ထပ်ခါ ထပ်ခါ အကြိမ်ကြိမ် ပြုလုပ်နေပါက autism ၏ လက္ခဏာရပ်အစပင်ဖြစ်သည်။ ယေဘူယျအားဖြင့် သင်၏ကလေးငယ်၏လက်တစ်ဖက်တွင် “lovey” လေးကိုင်၍ကြည့်နေပြီး ကျန်သည့်လက်တစ်ဖက်မှ သူ၏လက်မကိုစုပ်နေသော်လည်း သင်စကားပြောဆိုနေသည်ကိုပြန်လည်တုန့်ပြန်ပါကလဲ စိတ်ပူစရာမရှိသေးပါ။ “lovey”ကြောင့် သင့်ကလေးငယ်၏ အများနှင့် ဆက်သွယ်ပြောဆိုနေသည်များကို မပြတ်တောက်စေလျှင် ပြသနာမရှိနိုင်သေးပါ။
အကယ်၍သင်၏ကလေး “lovey” အပေါ်တွယ်တာမှုအား သံသယရှိပါက ကျွမ်းကျင်သောဆရာဝန်နှင့်သာ ပြသတိုင်ပင်သင့်ပါသည်။
သင်၏ ကလေးငယ်သည် အခြားကလေးများကဲ့သို့ “lovey”မရှိပါကလဲ အဆင်ပြေနိုင်ပါသလား?
ထိုသို့ဖြစ်ခြင်းသည် 100% ပုံမှန်သာဖြစ်ပါသည်။
“lovey” မရှိသောကလေးငယ်များသည် သူတို့နည်းသူတို့ဟန်ဖြင့် မိမိကိုယ်ကိုတည်ငြိမ်အောင်ပြုလုပ်နိုင်ပြီးသားဖြစ်သည်။ ဥပမာ. လက်စုပ်ခြင်း၊ ကိုယ့်ဆံပင်များကိုလိမ်ခြင်း၊ နံရံပေါ်ရှိအစက်များကို ငေးကြည့်နေခြင်းများ ဖြစ်သည်။
မေဂျူး
16.3.16

