ကျွန်မအရင်က သိပ်တော်တဲ့မေမေတွေကိုအားကျဖူးပါတယ်။
ငွေတွေအများကြီးရှာနိုင်တဲ့မေမေ
ကလေးအတွက်ဖွယ်ဖွယ်ရာရာချက်ပြုတ်ပြင်ဆင်တတ်တဲ့မေမေ
လှပကျော့ရှင်းနေတဲ့မေမေ
အမျိုးသားရဲ့အချစ်ခံ ဖူးဖူးမှုတ်ခံရတဲ့မေမေ
ယဉ်ကျေးတဲ့ကလေးတွေပိုင်ဆိုင်ထားတဲ့မေမေ
အစားကျွေးရမခက်တဲ့ကလေးတွေပိုင်ဆိုင်ထားတဲ့မေမေ
ဉာဏ်ရည်ထက်မြက်တဲ့ကလေးတွေပိုင်ဆိုင်ထားတဲ့မေမေ
သန့်ရှင်းသပ်ရပ်ချောမောနေတဲ့ကလေးတွေပိုင်ဆိုင်ထားတဲ့မေမေ
ပြောရရင်မကုန်နိုင်ဘူး ကျွန်မသဘောကျတဲ့မေမေမျိုးတွေမှ အများကြီးပါပဲ။
ဒါပေမယ့် တဖြည်းဖြည်းနဲ့ သမီးလေးနဲ့အတူ အပေးအယူမျှတစွာ တစ်နှစ်ပြီးတစ်နှစ်ဖြတ်ကျော်လာတိုင်း ကျွန်မသိလာရတာတော့ ပြည့်စုံနေတဲ့မေမေဆိုတာမရှိဘူးဆိုတာပါပဲ။ ကျွန်မတို့မိခင်တွေဟာ တစ်ယောက်နဲ့တစ်ယောက် အခြေအနေတွေမတူကြဘူး။ ဘဝတွေမတူကြဘူး။ မိသားစုပုံစံတွေမတူကြဘူး။ ဒါ့ကြောင့် ကိုယ့်စိတ်ထဲကနေ ကိုယ့်ကိုကိုယ်ညံ့လိုက်တာလို့ ထုတ်ထုတ်တိုင်းနေတဲ့ပေတံဟာ တကယ်တော့ ဘာနံပါတ်အမှတ်အသားမှမပါတဲ့ တုတ်ချောင်းသပ်သပ်ရယ်သာပါ။
ကျွန်မတို့တကယ်တိုင်းတာရမှာက ဒီနေ့မှာရှိတဲ့ကျွန်မတို့နဲ့ မနက်ဖြန်မှာရှိမယ့်ကျွန်မတို့ပါပဲ။
ငါမှားနေတာတွေဆက်မှားတုန်းလား?
ငါပြင်ရမှာတွေမပြင်သေးဘူးလား?
ကလေးကိုစိတ်ရှည်ဖို့ငါအော်တာတွေလျှော့နိုင်ပြီလား?
ထစ်ခနဲရှိရိုက်တတ်တဲ့ ငါ့အကျင့်ဆိုးကို စပြင်နေပြီလား?
မနေ့ကအချိန်မပေးမိလို့ ဒီနေ့ကလေးလေးနဲ့အချိန်တွေအများကြီးရှိဖို့ ငါ ready ပဲလား?
မေမေတို့ ကိုယ့်ကိုကိုယ် အဲ့လိုဆင်ခြင်ဖူးခဲ့ပြီလား။
တကယ်တော့ တော်တဲ့မေမေဆိုတာ
ကိုယ့်မိသားစု
ကိုယ့်ရဲ့ Life style
ကိုယ့်ရဲ့ပတ်ဝန်းကျင်
ကိုယ့်ရဲ့အလုပ်
ကိုယ့်ရဲ့အိမ်ထောင်ဖက်
ကိုယ့်ကလေးရဲ့ Type
ဒါတွေအားလုံးကို နားလည် သိရှိ လက်ခံပြီး အဲ့အရာတွေအကုန်လုံးကို balance ဖြစ်အောင် လုပ်နိုင်သူကို ခေါ်တာပါ။ “လက်ခံ” ဆိုတာလေးထည့်ပြောရတာကတော့ အမျိုးသမီးတော်တော်များများက ကိုယ့်အရှိတရားကိုလက်မခံတတ်ကြလို့ပါ။ သူများကလေးနဲ့ယှဉ်ယှဉ်ပြီး နင်သူ့လိုမဟုတ်ဘူးဆိုပြီး စိတ်တိုင်းမကျသူများပါတယ်။ လက်ခံပါ။ ကိုယ့်ကလေးရဲ့ပုံစံကိုလက်ခံပြီးမှ ဘယ်လိုထိန်းကျောင်းတဲ့နည်းကိုရွေးရမလဲဆိုတာကို သိနိုင်မှာမို့ပါ။
ကျွန်မတို့မိခင်တွေဟာ ကလေးနဲ့အဆင်မပြေတိုင်း ကလေးကဂျီကျတိုင်း ကလေးကိုဆိုးတယ်ထင်လာမိတိုင်း အဲ့အဖြေကို ပတ်ဝန်းကျင်မှာ ရှာတတ်ကြပါတယ်။ ပြသနာရဲ့အရင်းအမြစ်ထက် ဆင်ခြေဆိုတဲ့ excuse ကို အရင်ရှာတတ်ကြပါတယ်။ ကျွန်မကတော့ ကျွန်မဆီမှာ အရင်ရှာပါတယ်။ ပြီးတော့ ကလေးနဲ့ကျွန်မကြားက ကွာဟချက်ကိုရှာပါတယ်။ အမြဲတမ်းလည်း အဖြေဟာ ဒီကနေပဲထွက်လေ့ရှိတာပါ။
အပိုမပြောပါဘူး ကျွန်မက working mom တစ်ယောက်ပေမယ့် ကျွန်မသမီးရဲ့ စိတ်ခံစားချက်တွေကို အဖတ်နိုင်ဆုံးသူတစ်ယောက်ပါ။ ကျွန်မတို့သားအမိ ကျွန်မတို့အလုပ်ချိန်တိုင်း လူချင်းဝေးနေရပေမယ့် စိတ်ချင်းကအမြဲနီးနေပါတယ်။ သူ မပါတဲ့နေရာတွေမှာ ဒီမေမေဘာတွေဖြစ်တာ လုပ်တာပြောပြလေ့ရှိသလို အမေမရှိချိန်သူလုပ်တာတွေလည်း ခု ၆နှစ်အရွယ်ထိ သူမ ပြောပြတုန်းပါပဲ။ အမေမကြိုက်တာ မလုပ်ရတာတွေ လုပ်မိရင်တောင် မကွယ်မဝှက်နဲ့ sorryနော် မေမေဆိုပြီး ပြောပြလေ့ရှိပါတယ်။ ဒါကျွန်မလိုချင်တဲ့ သားအမိဆက်ဆံရေးပါပဲ။ အမေကိုကြောက်လို့ ခိုးလုပ်တတ်တဲ့ကလေးမျိုး အမေနဲ့စိတ်ချင်းဝေးနေရမယ့်အဖြစ်မျိုးမရှိရအောင် ကျွန်မ သူ ငယ်ငယ်လေးထဲက စိတ်တွေအများကြီးရှည်ပေးခဲ့တာပါ။
အဆုံးသတ်ပြောရရင်တော့ ကလေးတစ်ယောက်အတွက် မေးခွန်းတွေရှိတိုင်း ကိုယ့်အရွယ်ကနေ သူ့အရွယ်ကိုမေးခွန်းတွေမထုတ်ပါနဲ့။ သူ့အရွယ်ကနေ ဖြေကြည့်ပါ။ ကလေးတစ်ယောက်ရဲ့ကမ္ဘာမှာ ဘယ်အရာကမှ မေမေတို့ထင်သလောက် မရှုပ်ထွေးဘူး။ အရမ်းရိုးစင်းပါတယ်။ ဥပမာပြောရရင် သားသားက
ပါရင် အိုးနဲ့ဘယ်လိုမှတည်မရဘူးဆိုရင် သားသားအရွယ်ကနေကြည့်လိုက်ပါ။ ဘာအရုပ်မှမပါတဲ့ဗြောင်အိုးကြီးထက် ကားကားပုံတို့ ဒိုင်နိုဆောရုပ်ကြီးတို့ဆို သူပျော်မှာပဲမဟုတ်လားနော်။ ကိုယ်သာသူဆို ဘယ်လို
အိုးမှ ခွပါချင်မှာပါလိမ့်ပေါ့။ မီးမီးလေးက ရေကိုဘူးနဲ့မသောက်ချင်ဘူးဆိုလည်း ဒီလိုပဲ။ ရေဘူးကို သူ့စိတ်ကြိုက်ဆိုင်မှာ ရွေးဝယ်ခိုင်းမယ်ဆို အရမ်း excited ဖြစ်ပြီးပျော်မှာပဲမဟုတ်လား။ ကျွန်မသမီးလေးကတော့ လသားကတည်းက သူလိုချင်တာ ကျွန်မရွေးခိုင်းခဲ့တာပြောရင် မအံ့ဩပါနဲ့။ စကားမပြောတတ်ခင် လမ်းမလျှောက်တတ်ခင်ကတည်းက အပြင်သွားရင် သူဝတ်မယ့်ဂါဝန်လေး သူကိုယ်တိုင်ရွေးခဲ့တဲ့ကလေးမျိုးပါ။ ဒီကနေတစ်ဆင့် သူ့ကိုယ်သူယုံကြည်မှုပိုရှိလာပြီး ဆုံးဖြတ်ချက်တိုင်း ကိုယ်တိုင်ချမှတ် အမှီအခိုကင်းတဲ့ကလေးဖြစ်လာတော့တာပါပဲ။
ဒါ့ကြောင့် ရင့်ကျက်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့ကလေးတိုင်းနောက်ကွယ်မှာ ရင့်ကျက်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့မိခင်တွေရှိနေတယ်ဆိုတာ အမှန်ပါပဲ။ ကလေးတွေကကိုယ်ပြောတာထက် ကိုယ်လုပ်တာကိုပဲမြင်ပြီး အတုခိုးကြတာမို့ပါ။
မေဂျူး
24.11.21 (Wed)
သမီးလေး ၆နှစ် ၄လ ၂၃ ရက်

