တန်ဖိုးလည်းသိ တန်ဖိုးလည်းရှိစေဖို့

တန်ဖိုးလည်းသိ တန်ဖိုးလည်းရှိစေဖို့

ကျွန်မရဲ့တစ်နှစ်ကျော်သားလေးကို လှမ်းကြည့်တိုင်း ကျွန်မရင်ထဲမှာ ပကတိငြိမ်းချမ်းမှုကိုရတယ်။ ဆံပင်ခွေလိပ်လေးရယ် ပါးဖောင်းဖောင်း မေးစေ့ချွန်ချွန်လေးနဲ့ မျက်လုံးအိမ်ကျယ်ကျယ်နဲ့ ဒီကလေးလေးဟာ သိပ်ဖြူစင်တာပဲ။ တစ်နေ့ကျရင်လည်း အသားဖြူဖြူထောင်ထောင်မောင်းမောင်းနဲ့ ကောင်ချောလေးတစ်ယောက်ဖြစ်လာမှာလဲ အသေအချာပဲလေ။ သားရဲ့ချစ်စရာကောင်းမှု ဖြူစင်မှုလေးတွေကို သားလေးကြီးတဲ့အထိဆက်ရှိနေစေချင်တယ်။ အမေကိုချစ်သလို ညှာတာသလို စိတ်သဘောထားကောင်းတဲ့ကောင်လေးတစ်ယောက်ဖြစ်လာစေချင်တယ်။ အပေါင်းအသင်းအပေါ်ကိုလည်း ခုလိုပဲ ညှာတာပြီး ကြင်နာတတ်တဲ့ကောင်လေးတစ်ယောက်ဖြစ်လာစေချင်တယ်။ လူကြီးတွေကိုလည်း အမြဲပြုံးပြနှုတ်ဆက် ယဉ်ကျေးဖော်ရွေတဲ့ကောင်လေးတစ်ယောာက်အဖြစ် ကြီးပြင်းလာစေချင်တယ်။

သားလေးရဲ့ ခုအရွယ်က တကယ့်ကို ကလေးလေး အရာရာကိုစူးစမ်းစိတ်တွေနဲ့ တလက်လက်တောက်ပတဲ့မျက်၀န်းလေးနဲ့ သိပ်ကိုအပြစ်ကင်းတာပေါ့။ တစ်ဖြည်းဖြည်းနဲ့ ကြီးပြင်းလာတဲ့အလျှောက် သားကြုံရတာတွေ ကျော်ဖြတ်ရမှာတွေ ခံစားရမှာတွေ အများကြီးဖြတ်သန်းရဦးမယ်။ ဒီအရာတွေကတစ်ဆင့်ပဲ သားဟာဘယ်လိုကောင်လေးမျိုးဖြစ်လာမလဲဆိုတာ ပုံဖော်သွားမှာပါပဲ။ အမေတစ်ယောက်အနေနဲ့ သွန်သင်လို့ရတာ (၇)နှစ်တာပဲ ပိုင်ဆိုင်တာမဟုတ်လား။ အဲ့နောက်မှာတော့ အရာရာကို သူမြင်သမျှတွေကတစ်ဆင့် ပုံပေါ်ပြောင်းလဲလာတော့မှာ။ မေမေကတော့ သားသားအတွက် ၀န်းကျင်ကောင်းတစ်ခုမှာ ကြီးပြင်းခွင့်ရအောင် အစွမ်းကုန်ကြိုးစားမှာပါပဲ။ သားရဲ့တစ်ဘ၀လုံးစာ အမျိုးသမီးတွေအပေါ်သတ်မှတ်တဲ့ယူဆချက်တွေ အမြင်တွေဟာလည်း မေမေ့အပေါ်အများကြီးမူတည်နေမှာ မေမေကသိတာပေါ့။ မေမေ့ရဲ့နေ့စဉ်ဘ၀မှာ အရာရာကို အကောင်းမွန်ဆုံးကြိုးစားနေထိုင်ပေးနေတာဟာ သားသားရဲ့ကြီးပြင်းလာမယ့်ပုံစံတွေအပေါ် သက်ရောက်မှုတွေအများကြီးရှိနေမှာကိုလည်း မေမေကသတိပြုမိထားတယ်။ ဒါကြောင့်လေ သားသားရဲ့ခံယူချက်တွေ သားသားရဲ့ တစ်နေ့ကျရင် “ မိန်းမတွေဆိုတာ “ လို့စကားစမယ်ကြံတိုင်း မေမေနဲ့မမကို အရင်မြင်တတ်ပြီး ကောင်းမွန်စွာပြောဆိုတတ်တဲ့ နှမသားချင်းစာနာတတ်တဲ့ယောကျာ်းတစ်ယောက်ဖြစ်လာစေချင်တယ်။

ခုလက်ရှိ ကျွန်မတို့ပတ်၀န်းကျင်မှာတွေ့နေရတဲ့ အိမ်ထောင်သည်တွေ သမီးရည်းစားလေးတွေမှာတွေ့ရတဲ့ တစ်ယောက်ကိုတစ်ယောက်နိုင်စားမှုတွေ အထက်စီးဆန်မှုတွေ အနိုင်ကျင့်မှုတွေအများကြီးတွေ့ရတာ ကျွန်မက ရင်မောရပါတယ်။ သမီးရည်းစားဘ၀မှာလည်း အပေးအယူ နားလည်မှု မျှတမှုနဲ့ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာရှိကြစေချင်တယ်။ တစ်ယောက်ကိုတစ်ယောက် နိုင်ထက်စီးနင်း မယုံကြည်မှုတွေနဲ့ မယူခင်ကတည်းကမရှိစေချင်ဘူး။ တစ်ယောက်အပေါ်တစ်ယောက် သူ့စည်းကိုယ့်စည်းခွဲပြီး respect ထားတတ်တဲ့ relationship မျိုးပိုင်ဆိုင်ကြစေချင်တယ်။ ကိုယ့်သားသမီးကို ဒီလိုတွေသင်ရင် ကိုယ့်သားသမီးပဲခံရမှာပေါ့လို့ ကျွန်မကတော့မတွေးမိပါဘူး။ သားရော သမီးရောမွေးထားတာမို့ သားရောသမီးရောကို လူလူချင်းထားတဲ့တန်ဖိုးတွေ လေးစားမှုတွေ ဂုဏ်သိက္ခာတွေ Ethic တွေအကြောင်း ကျွန်မက ကောင်းကောင်းပြောပြပေးမှာမို့ တန်ဖိုးရှိတဲ့ကလေးတွေဟာ တန်ဖိုးရှိတဲ့သူကိုပဲ သေချာရွေးချယ်တတ်လိမ့်မယ်။ ချစ်ခြင်း‌မေတ္တာတွေကို ကောင်းကောင်းနားလည်ခံစားရ ကိုယ်တိုင်အပြည့်အ၀ရမှာမို့ အယောင်ဆောင်ချစ်ခြင်းမေတ္တာတွေနဲ့ အစစ်အမှန်တွေကို ကောင်းကောင်းကြီးခွဲခြားတတ်လိမ့်မယ်။ မိဘရဲ့ ချစ်ခြင်းမေတ္တာတွေအပြည့်အ၀ရမှာကြောင့် ချစ်ခြင်းမေတ္တာငတ်လို့ အပြင်ကရှာရတဲ့လူငယ်တွေဖြစ်လာမှာမဟုတ်ဘူး။ ဆိုတော့ ကျွန်မက ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့အတွက် ကျွန်မသားနဲ့သမီး ဘယ်လိုကြီးပြင်းလာမလဲ တကယ်ကိုစိတ်မပူမိဘူး။

ငယ်စဉ်ကတည်း ဒီလိုလေးတွေကြီးပြင်းလာမှာမို့ တစ်နေ့အိမ်ထောင်ပြုတဲ့အခါမှာလည်း ဘယ်လိုလူမျိုးကိုရွေးချယ်မလဲ မပူမိပြန်ဘူး။ ဒီလိုတွေတွေးမိပြန်တော့ အိမ်ထောင်ပြုကြတဲ့အခါမှာ ပုံပေါ်လာတဲ့ မိသားစုအပေါ်တာ၀န်ယူတတ်မှု သိတတ်မှု ညှာတာမှု နှမသားချင်းစာနာမှု ကိုယ့်အမေ ကိုယ့်အစ်မ ကိုယ့်ဆွေမျိုးမှမဟုတ်ပဲ ကိုယ်ချင်းစာတတ်မှုတွေနဲ့လူတစ်ယောက်ဖြစ်ဖို့ မေမေတို့အပေါ်အများကြီးမူတည်နေပါလား သတိပြုမိရပါတယ်။

သမီးကိုတော့ ၇နှစ်တာသွန်သင်ပေးမှုတွေအပေါ် မေမေကကျေနပ်မိပါရဲ့။ သားလေးကိုလည်း အရိပ်တကြည့်ကြည့်နဲ့ကြည့်ရင်း သားကြီးပြင်းလာတာနဲ့အမျှ ဖြူစင်မှု ကြင်နာမှု လူသားဆန်မှုတွေ ခပ်များများသယ်သွားနိုင်ဖို့ မေမေအများကြီးဆက်ကြိုးစားပါဦးမယ်။ တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်မှ တန်ဖိုးကိုနားလည်မယ်။ တန်ဖိုးထားခံရတဲ့သူတစ်ယောက်ဖြစ်လာမယ်။ တန်ဖိုးလည်းထားတတ်လာမယ်။ သားကိုအဲ့အကြောင်းတွေမေမေက ခုကတည်းကဖြေးဖြေးချင်းစီ ပြောပြသွားပါဦးမယ်။

ချစ်တဲ့

မေဂျူး

25.10.23 (Wednesday)

သမီးလေး ၈နှစ် ၃လ ၂၄ရက်

၁နှစ် ၁၀လ ၁၃ရက်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *