မိသားစုရဲ့အနှစ်သာရ

မိသားစုရဲ့အနှစ်သာရ

ကလေးနှစ်ယောက်ရဲ့မိခင်ဘဝ ပြီးတော့ အိမ်ထောင်ရှိအမျိုးသမီးတစ်ယောက်ဘဝကို မလိုချင်တော့တဲ့အချိန်တွေ အများကြီးရှိခဲ့ဖူးပါတယ်။ ငါဆက်မလုပ်နိုင်တော့ဘူး တအားပင်ပန်းနေပြီ ငါပိုပြီးတော့ကောင်းအောင်မလုပ်နိုင်တော့ဘူးဆိုရင် လွှတ်ချလိုက်တော့မယ်လို့ အကြိမ်ကြိမ်တွေးခဲ့ဖူးပါတယ်။ ဒီစာကိုတော့ အိပ်ပျော်နေတဲ့ သားအဖ ၃ ယောက်ကိုထိုင်ကြည့်ပြီးရေးလိုက်ပါတယ်။

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေကြတဲ့ သားလေးရယ် သမီးလေးရယ် ယောကျာ်းရယ်ကိုကြည့်ပြီး စိတ်ထဲမှာ တင်္ဒဂအေးချမ်းရပါတယ်။ ဆိုးအတူကောင်းအတူ ကျော်ဖြတ်ပေးနေတဲ့ ရဲဖော်ရဲဖက်တွေ ဒီတစ်နေ့စာပျော်ရွှင်စွာကုန်ဆုံးပေးပြီး အိပ်မောကျနေကြပြီပေါ့။ တာဝန်ကျေပါတယ်လို့ စိတ်ထဲကနေ ရေရွတ်ရင်းပြုံးမိတယ်။ တအားတွေအလိုက်သိပြီးတော်နေတဲ့ကလေးတွေလည်းမမျှော်လင့်ခဲ့ပါဘူး။ အရမ်းကိုမှပြည့်စုံလွန်းတဲ့ အိမ်ထောင်ဖက်ဖြစ်ဖို့လည်း မမျှော်လင့်ခဲ့ဘူး။ ဒီလောကကြီးအလည်မှာ နင်တစ်ယောက်တည်းမဟုတ်ပါဘူးဆိုတာကို သူတို့လေးတွေကိုကြည့်တိုင်း ရလိုက်ရတဲ့စိတ်ခွန်အားဟာ ဘာနဲ့မှယှဉ်လို့မရတာပဲ။ မိသားစုဆိုတဲ့ အနှစ်သာရဟာ အဲ့ဒါပါပဲ။

သမီးကြီးတောင် ၉နှစ်ကျော်လာခဲ့တော့ ကိုယ့်ရဲ့အိမ်ထောင်သည်ဘဝကိုပြန်တွေးကြည့်ရင် လပေါင်း ၂၀ ကျော် ကိုယ်ဝန်ဆောင်နေခဲ့ဖူးတယ်။ နှစ်ပေါင်း (၇) နှစ်နီးပါး ကလေးတွေကို နို့တိုက်နေခဲ့တယ်။ (သမီးကြီးက ၄နှစ်ကျော်မှ နို့မစို့တော့တာ။ သားလေးက ခု ၃နှစ်ပြည့်တော့မှာ စို့နေတုန်း)။ ဒီအမျိုးသားတစ်ယောက်ကိုပဲ သည်းခံနိုင် ချစ်နိုင် နားလည်ပေးနိုင်ခဲ့တာ ၁၂ နှစ်ကျော်လာခဲ့ပြီ။ ကိုယ်ဟာ ဘယ်လောက်တောင် စိတ်မရှည် အပျင်းကြီးခဲ့ဖူးတဲ့အမျိုးသမီးလဲဆိုတာ မေ့တဲ့အထိ ဒီမိသားစုဆိုတဲ့တန်ဖိုးကို အရမ်းကို မက်မောစွာ နှစ်ခြိုက်ပျော်ဝင်ခဲ့တယ်။

မိခင်ဘဝ ဇနီးမယားဘဝ ဘယ်လိုပဲပင်ပန်းလို့ လက်လျှော့ချင်ပါစေ သူတို့တွေနဲ့တူတူရှိနေရတာရဲ့တန်ဖိုးကိုတော့ ဘာနဲ့မှမလဲနိုင်ဘူး။ တစ်ယောက်တည်း နေချင်တဲ့အချိန်ဟာလည်း နာရီပိုင်းထက်မပိုဘူး။ ကလေးတွေအသံမှမကြားရရင်တောင် မနေနိုင်တာလေ။ ဒီအမျိုးသားကိုလည်း ဘယ်လိုပဲစိတ်တွေဆိုးပါစေ ဘယ်တော့မှကိုယ့်ကိုလက်မလွှတ်ပဲအနားမှာရှိပေးမယ့်သူဆိုတာ ဟိုး deep down of heart ကနေ သိနေတာမို့ မပြေနိုင်တဲ့ဒေါသဆိုတာလည်း ခုထိမရှိနေသေးပြန်ပါဘူး။

အဆုံးသတ်ရရင်တော့ ကျွန်မတို့အမျိုးသမီးတိုင်းမှာ လက်လွှတ်ချင်တဲ့အချိန်တွေ အများကြီးရှိကြမှာပါ။ ဒါကိုပဲ ခုံမင်စွာဖက်တွယ်ရင်း တန်ဖိုးကြီးတယ်ဆိုတာကိုလည်း တစ်ဖက်ကသိနေပြန်တယ်။ မိသားစုဆိုတဲ့အသိုက်အမြုံတစ်ခုဟာ စလိုက်တာနဲ့ ဘယ်တော့မှရပ်နားလို့မရတဲ့ သံယောဇဉ်နဲ့ ချစ်ခြင်းတရားတွေ အဆက်မပြတ်စီးဆင်းနေတဲ့ မြစ်တစ်စင်းလိုပါပဲ။ တစ်ခါတစ်လေ ကူးခတ်ရတာမောလာပေမယ့် များသောအားဖြင့် ကျွန်မတို့ကိုအေးမြမှုတွေပေးနေတာပါပဲ။ မိသားစုဆိုတာကိုပိုင်ဆိုင်လိုက်တာနဲ့ “ငါ” ဆိုတာပျောက်သွားပြီး “ငါတို့” ဆိုတာတွေနဲ့ပဲ ပြည့်နှက်သွားတာကို ကျေနပ်နေမိကြတာပါပဲ။ တကယ်တွေးကြည့်ရင် မိသားစုတိုင်းမှာ မတူညီတဲ့ ကိုယ်စီအနှစ်သာရတွေရှိတာကို ခံစားမိပါလိမ့်မယ်။

မေဂျူး

20.10.24 (Sunday)

သမီးလေး ၉ နှစ် ၃လ ၁၈ ရက်

သားလေး ၂ နှစ် ၁၀လ ၈ရက်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *