ခုတစ်လော ကျွန်မခဏခဏတွေးနေမိတယ်။ ပုံမှန်ဆို ကျွန်မက အင်မတန်ရှက်တတ်သောသူလေ။အရာရာကိုရှက်တာ။ သူများက ကိုယ့်ကိုဘယ်လိုမြင်မလဲဆိုတာလည်းတွေးရှက်တယ်။ လူကြားထဲ တစ်ယောက်တည်းမသွားရဲအောင်ထိရှက်တာ။ ခုတလောကျွန်မတွေးနေမိတာကတော့ ဘာကရှက်စရာအကောင်းဆုံးလဲဆိုတာပါပဲ။ အဲ့အတွေးစကနေ အဖြေရပြီးကတည်းက ကျွန်မအရင်ကထက်အရှက်တရားတွေလျော့လာတော့တာပါပဲ။
ကိုယ့်ရဲ့စိတ်ကို ကိုယ်ပြန်ဖတ်မိပြီး ကိုယ့်ရဲ့သူရဲဘောကြောင်မှုတွေ ကိုယ့်ရဲ့ဟန်ဆောင်မှုတွေ ကိုယ့်ရဲ့မျက်နှာဖုံးတွေ ကိုယ့်ရဲ့မနာလိုဝန်တိုမှုတွေ ကိုယ့်ရဲ့သူများအပေါ်မကောင်းမြင်တဲ့စိတ်တွေ အဲဒီ့စိတ်တွေ ခံစားမိတာကသာ ရှက်စရာအကောင်းဆုံးဆိုတာသိလာရတယ်။
လူတော်တော်များများက အဲ့စိတ်တွေရှိတာကိုသိပေမယ့် သူတို့ကိုယ်သူတို့ ဆက်ခွင့်လွှတ်ဖို့ရွေးချယ်ကြတယ်။ လူအများစုက အဲ့စိတ်ကို နှစ်ခြိုက်စွာပွေ့ပိုက်ထားကြတယ်။ လူတစ်ချို့ကသာ သတိပြုမိတာနဲ့ လွှတ်ချပစ်လိုက်ကြတယ်။
ကျွန်မကတော့ လွှတ်ချတတ်တဲ့လူအမျိုးအစားထဲပါတယ်။ လွယ်လားဆိုတော့ ဘယ်လိုလုပ်လွယ်မှာတုန်းနော်။ လူတစ်ယောက်ရဲ့စိတ်ကိုထိန်းချုပ်ရတာအခက်ဆုံးပဲမဟုတ်လား။ ကျွန်မကတော့ အဲ့စိတ်တွေနဲ့ ကျွန်မရဲ့ပင်ကိုယ်စိတ် အားပြိုင်ရတာ ပိုပြီးပင်ပန်းတယ်ခံစားရတယ်။
ခုတော့ ကျွန်မအဲ့ဒါတွေအားလုံးလွှတ်ချတယ်။ ဒီတော့
- ကျွန်မပိုနေပျော်လာတယ်
- မျှော်လင့်တတ်တာတွေလျော့လာတော့ ပူလောင်ရတာလျော့လာတယ်
- လူတစ်ယောက်ရဲ့ ပကတိရိုးစင်းမှုကို မြင်တတ်လာတယ်
- သံသယတွေကင်းတော့ ကျွန်မပိုပြုံးဖြစ်လာတယ်
- ဘာမဆို positive ဖက်က မြင်တတ်လာတော့ ကျွန်မပိုပေါ့ပါးလာတယ်
- ကိုယ်ချင်းစာစိတ်နဲ့အမြဲတွေးတော့ ခံစားလွယ်လာပေမယ့် ကျွန်မပိုကြင်နာတတ်လာတယ်
- မျက်နှာဖုံးမရှိတဲ့အတွက် ကျွန်မမျက်နှာက ပိုပြီးအကြည်ဓာတ်တွေများလာတယ်
- လူတိုင်းကို ကိုယ့်လိုပဲလို့တွေးတော့ အနိုင်ကျင့်ခံရတာလေးတွေရှိပေမယ့် ကျွန်မပိုလိပ်ပြာလုံလာတယ်
- လက်ရှိတိုင်းကိုတန်ဖိုးထားပြီး ပြည့်ဝစွာနေနိုင်လာတယ်
- ဘယ်အရာမဆို အတတ်နိုင်ဆုံးကြိုးစားတတ်လာတယ်
- အထူးခြားဆုံးကတော့ လုပ်ငန်းခွင်ရော မိသားစုရောအတွက်ပါ ကျွန်မမှာ stress တွေလျော့လာရတယ်
ဒါကြောင့်လေ
ကိုယ့်ကိုကိုမညာပါနဲ့။
ကိုယ့်စိတ်ကိုယ်ဖတ်ကြည့်ပါ။
ကိုယ့်ကိုကိုယ်သိပါ။
လေးလံတာတွေလွှတ်ချပါ။
ကိုယ့်ဘေးနားကအရာတွေကို တန်ဖိုးထားပါ။
မျှော်လင့်ချက်တွေ လျှော့ချပါ။
သံသယတွေ လျှော့ချပါ။
ကိုယ့်အတွက်မကောင်းနိုင်တာတွေကိုဆွဲမထားပါနဲ့။
ကိုယ့်ကိုကိုယ်ဘယ်တော့မှအထင်မသေးပါနဲ့။
ကိုယ့်ကိုကိုယ်ချစ်ပါ။ ဒါမှကိုယ့်မှာရှိတဲ့အရာတွေကိုချစ်တတ်လာပါလိမ့်မယ်။
ကောင်းသောညပါ။![]()
မေဂျူး
10.06.22 (Fri)
