သားကလေး

သားကလေး

သမီးလေး ၆နှစ်ခွဲမှာ ဒုတိယကိုယ်ဝန်ရခဲ့တော့ ကျွန်မသိပ်စိတ်ညစ်ခဲ့တာ။ ကျွန်မငိုပါ ငိုခဲ့ရတယ်။ ဘဝမှာ သမီးကိုပဲ တစ်ဘဝလုံးပုံပြီး ချစ်မယ် သမီးနဲ့ပဲလုပ်ချင်တာတွေအများကြီး မလုပ်ရသေးခင်မှာပဲ ကိုယ်ဝန်ထပ်ရှိခဲ့တယ်ဆိုပြီး ကျွန်မစိတ်ဓာတ်တွေတောင် ကျသွားမိသေးတယ်။

ပြန်တွေးကြည့်ရင် အဲ့အချိန်တုန်းက သမီးကလည် အမှီအခိုကင်းတဲ့အရွယ်ဖြစ်တဲ့အတွက် ကလေးအမေဘဝကနေ လွတ်ကာစလို့ပြောလို့ရတာပေါ့။ လှလှပပ ကြွကြွရွရွလေး ပြန်နေလို့ရတယ်။ ကိုရီးယားကားတွေလည်း အများကြီး အကြိုက်ကြည့်လို့ရတယ်။ စားချင်တာစား အပြင်တွေလည်း လျှောက်သွားလို့ရတယ်လေ။ ကိုယ်ဝန်ထပ်ရှိလာတဲ့အခါမှာတော့ ငါနောက်တစ်ကြိမ် ကလေးအမေဘဝ ကလေးနဲ့ပဲ လုံးပန်းပြီး တစ်နေ့တာဘယ်လိုကုန်မှန်းမသိတဲ့အချိန်တွေ ပြန်ကြုံရဦးမှာလားဆိုပြီး စိတ်ညစ်မိတယ်။ ကိုယ့်ကိုကိုယ်တောင်မပိုင်ပဲ အိပ်ရေးပျက်ရက်တွေအများကြီး နောက်ထပ်ဘယ်နှစ်နှစ်လောက် ကလေးနို့တိုက်ရင်း ဖြတ်သန်းရမှာပါလိမ့် ကြိုရင်မောခဲ့ရတယ်။

သားကိုယ်ဝန်ရှိကာစက အဲ့လိုတွေးခဲ့တာ ခံစားခံရတာတွေ စာထဲချရေးဖို့လိုလို့သာ မနည်းတွေးရတာ။ တကယ်မမှတ်မိတော့ဘူး။ သားလေး ဗိုက်ထဲစရှိလို့ မေမေ့ဗိုက်ကိုစကန်တာနဲ့ မေမေ့ဆီမှာ အားအင်အသစ်တစ်မျိုးက ရောက်ရှိလာတယ်။ နောက်ထပ်မေမေချစ်ရမယ့်သူ မေမေ့ဘဝကိုအပိုင်ပေးမယ့်သူလေးဆိုပြီး သားလေးမွေးမယ့်ရက်နဲ့ရင်တခုန်ခုန်နဲ့စောင့်ခဲ့ရတာ မနေ့တစ်နေ့ကလိုပဲ။ လွန်ခဲ့တဲ့ (၃) နှစ် ဒီအချိန်က သားလေးရောက်လာတော့မယ်ဆိုပြီး ပျော်နေခဲ့ ရင်ခုန်နေခဲ့တဲ့အချိန်ပေါ့။

နောက်လဆိုရင် အဲ့သားကလေးဟာ (၃) နှစ်တောင်ပြည့်တော့မယ်။ အထီးကျန်တတ်လွန်း ဝမ်းနည်းအားငယ်တတ်လွန်းနဲ့ မေမေ့ဆီကို အချစ်ခံရဖို့ ဟိုးမိုးပေါ်ကနေ ကောင်လေးတစ်ယောက်လွှတ်ပေးလိုက်တာနေမယ်။ မေမေ့ကို မျက်လုံးလေးနဲ့လှမ်းကြည့်တာတောင် အချစ်တွေကိုမြင်ရတယ်။ မေမေ့နားမှာ အမြဲပဲတွယ်ကပ်နေတာကို ချစ်မြတ်နိုးလိုက်ရတာ။ ဒီကလေးလေးကို မေမေက ဒီ့ထကတောင် ပိုမကြီးသွားစေချင်ပဲ ခုလိုအရွယ်လေးကို ထွေးပွေ့ထားချင်တာ။ “ဒီဟာဘာတုန်း” လို့ တွေ့သမျှလိုက်မေးတာကို လိုက်ဖြေရတာကိုပဲ မေမေ့မှာရီလို့မဆုံးနိုင်ပါဘူး။ မေမေကပြန်မေးတဲ့ “ဒီဟာဘာတုန်း” ဆိုတာတွေကိုလည်း တီတီတာတာပြန်ပြောတတ်တဲ့သားကလေးက မေမေ့ကိုပျော်ရွှင်စေဖို့သပ်သပ် မွေးဖွားပေးသလားထင်မိတဲ့အထိပါပဲ။

ပြီးတော့ အဲဒီ့သားကလေးဟာလေ မေမေသာတူတူရှိရင် ဘာမဆို မေမေပဲလုပ် မေမေလုပ်ပေးတာပဲကြိုက်တာ။ ပင်ပန်းတယ်ထင်ရပေမယ့် တစ်ဖက်ကလည်းဘဝင်ကမြင့်မိသေးတာပဲသားလေးရေ။ မေမေရှိရင် သူ့မှာဘာမှကိုမလိုတာလို့ သူများတွေကပြောတိုင်း မေမေကကိုယ့်ကိုကိုယ်မိုးလောက်ထိကြီးကျယ်သွားတယ် ထင်မိတာပါပဲ။ ခုချိန်ထိ breastfeeding လုပ်နေရသေးလဲ မေမေစိတ်မညစ်မိပါဘူး။ အလုပ်ကပြန်လာတာနဲ့ အမေ့လက်ဆွဲပြီး မေမေ့ရင်ခွင်ထဲဝင်လာတဲ့သားလေးက နို့စို့ရင်းလှမ်းကြည့်တဲ့ မျက်လုံးဝိုင်းစက်စက်လေးတွေကို မေမေက ဘာနဲ့မှမလဲနိုင်ပါဘူး။

အပြင်သွားတဲ့အခါမှာလည်း သားကလေးလက်ကိုဆွဲကိုင်ထားရင် မေမေက တစ်လောကလုံးကို အပိုင်စားရထားသလိုပဲ။ သားလေးရဲ့ ဆံပင်လိန်လိန်အိအိလေးတွေနဲ့ မျက်လုံးဝိုင်းဝိုင်း လူချစ်လူခင်ပေါတဲ့မျက်နှာလေးကို မြင်ရတဲ့သူတိုင်းက ချစ်စရာလေးလို့ လည်ပြန်ငေးကြတိုင်း မေမေ့ရင်ထဲမှာတော့ “အဲ့ဒါကျွန်မသားလေးပေါ့” လို့ အကျယ်ကြီးလိုက်လိုက်ကြွားမိနေတာပါပဲ။ သားက မျက်နှာသိပ်ချိုတာမို့ သားမျက်နှာလေးကိုမြင်ရသူတိုင်း မချစ်ပဲနဲ့ကိုမနေနိုင်ကြတာနေမယ်နော်။

သားလေးကိုယ်ဝန်ဆောင်တုန်းက နင်သိပ်စိတ်ညစ်နေခဲ့တာလို့ ခုများ သူများကသာ လာပြောရင် မေမေက ရန်တွေ့မိမှာပါပဲ။ စကားနဲ့တောင် သားကိုအထိမခံနိုင်တာလေ။ မေမေ့ရဲ့ အချိန် နေ့ရက်တိုင်းမှာ သားနဲ့စပြီး သားနဲ့တစ်နေ့တာကုန်ဆုံးရတာက မေမေ့ဘဝရဲ့အဓိပ္ပာယ်တွေပဲ။ သားနဲ့အတူဖြတ်သန်းရတဲ့နေ့ရက်တိုင်းဟာ မေမေ့အတွက် အဖိုးမဖြတ်နိုင်ဘူး။ သားလေးရေ ဒီမေမေဆီကို ရောက်လာပေးလို့ ကျေးဇူးတင်ရပါတယ်။ နေ့ရက်တိုင်းမှာ ချစ်ခြင်းတွေနဲ့ ကြီးပြင်းလာဖို့ မေမေကတာဝန်ယူပါ့မယ်နော်။

ချစ်ခြင်းများစွာဖြင့်

မေဂျူး

၂၁.၁၁.၂၄ (ကြာသာပတေး)

၂နှစ် ၁၁လ ၉ရက်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *