Team Work

ဒီအတွေးလေးက တစ်နေ့က ကလေးတို့အဖေကို ပြောမိတဲ့စကားကနေ စပ်ဆက်မိရင်း စာလေးချရေးဖြစ်တာပါ။ သူနဲ့ကိုယ်ဟာ အပြန်အလှန်မှီခိုနေရတာပါ။ တစ်ယောက်နဲ့တစ်ယောက် အားသာချက် အားနည်းချက်မတူတဲ့အတွက် တစ်ယောက်ကိုတစ်ယောက်ဖြည့်ရပါတယ်။ နှစ်ယောက်ပေါင်းမှ အရာရာဟာ အဆင်ပြေချောမွေ့တာပါ။ ဒီလိုတွေးမိတော့ လူတွေပြောနေကျ နင့်ယောကျာ်းက ငွေရှာကောင်းလိုက်တာ နင့်မိန်းမကထက်တာကိုး ငွေရှာတော်တယ်ဆိုတဲ့စကားတွေက ရာနှုန်းပြည့်မှန်မနေပါလား သွားတွေးမိပါတယ်။

ကျွန်မက full time အလုပ်ဝင်ရသူပါ။ လုပ်ငန်းခွင်မှာ ပြောင်မြောက်စွာ စိတ်ချလက်ချအလုပ်လုပ်နိုင်တယ်ဆိုတာ အိမ်ပြန်လာတာနဲ့ supportive ဖြစ်တဲ့ family ရှိနေလို့ပါ။ ကလေးတွေကလည်း နားလည်သော အိမ်ထောင်ဖက်ကလည်း သူ့တာဝန်သူယူ မိသားစုကိုဂရုစိုက်တတ်သူဖြစ်နေမှ အိမ်မှာ stress ကင်းပြီး ရီသံတွေပြည့်နေတဲ့အိမ်တစ်အိမ်ဖြစ်မှာပါ။ အိမ်မှာ ဘာပြသနာ ဘာသောက ဘာစိတ်ပူစရာမှ မရှိမှ လုပ်ငန်းခွင်ဝင်တဲ့အခါမှာ ကိုယ့်ရဲ့စိတ်ရောလူပါ  အပြည့်အ၀အသုံးချနိုင်မှာမဟုတ်လားနော်။ စိတ်ပိုင်းဆိုင်ရာအားဖြင့် အပူအပင်မရှိခြင်း ရုပ်ပိုင်းဆိုင်ရာအားဖြင့် ပင်ပန်းနွမ်နယ်မနေခြင်းက အလုပ်မှာအရမ်းကို productive ဖြစ်စေတာပါပဲ။ ဒီလိုမှမဟုတ်ပဲ အိမ်ရောက်တာနဲ့ အမျိုးသားကတစ်ကိုယ်ကောင်းဆန်မယ် ကလေးတွေကူမကြည့် အိမ်အလုပ်လည်းကူမလုပ်ဆိုရင်တော့ အလုပ်မှာရာနှုန်းပြည့် ကိုယ့်စွမ်းဆောင်ရည်တွေအသုံးချဖို့ စိတ်ရောကိုယ်ရောက အဆင်သင့်ဖြစ်နေဖို့ခက်ခဲနေမှာပါပဲ။ 

ကျွန်မရဲ့အမျိုးသားသည် ကိုယ်ပိုင်အလုပ်လုပ်သူမို့ သူ့အလုပ်ပိုင်းတွေကို အလုပ်ကပြန်လာတဲ့အချိန်တွေမှာကူရပါတယ်။ plan တွေတူတူဆွဲ အကြံဉာဏ်တွေပေး စာတွေကူရေး စာရင်းတွေကူလုပ်ရပါတယ်။ အရှေ့မှာ စာသင်ကောင်းတဲ့ဆရာတစ်ယောက်ဖြစ်ဖို့ နောက်ကွယ်က behind the scences မှာ လုပ်နေရတာတွေအများကြီးပါပဲ။ သူကိုယ်တိုင်က ကလေးတွေ creativity အားကောင်းအောင် သင်ပေးသူမို့ သူကိုယ်တိုင်လည်း အများကြီးလေ့လာ lesson တွေကို plan ရ လုပ်ဆောင်ရပါတယ်။ အဲ့အတွက် သူ့ရဲ့စိတ်ရောကိုယ်ပါ ညစ်ညူးလို့မရ အထိခိုက်ခံလို့မရဆိုတာကို ကျွန်မက အမြဲဂရုတစိုက်ရှိပေးပါတယ်။ တဗျစ်တောက်တောက်ဖြစ်မနေဖို့ စိတ်တွေရှုပ်ထွေး အာရုံတွေနောက်တာတွေ မလုပ်မိ မပြောမိစေဖို့ အများကြီးဆင်ခြင်ပေးရပါတယ်။ ဒီလိုမှမဟုတ်ပဲ ကျွန်မက အရာရာကို စိတ်တိုင်းမကျ သူ့ဘာသာဘာဖြစ်ဖြစ်ပစ်ထားမယ်ဆိုရင် ရလဒ်တွေဟာပြောင်းပြန်ဖြစ်နေမှာပါပဲ။ 

အမျိုးသားကအလုပ်လုပ်ပြီး အမျိုးသမီးကအလုပ်မလုပ်ပဲ အိမ်မှာနေတဲ့ဇနီးသည် သည်လည်း အမျိုးသားနဲ့ထပ်တူအရေးပါသော ငွေရှာကောင်းတဲ့အိမ်ထောင်ဖက်ဆိုတာကို highlight ထိုးပြချင်တာပါ။ တစ်ချို့အိမ်ထောင်မှာ အမျိုးသမီးကအလုပ်လုပ်ပြီး အမျိုးသားကအိမ်မှာကလေးကြည့်ရတာရှိပါတယ်။ အမျိုးသမီးကပဲငွေရှာကောင်းပြီးတော်နေတာလား။ မဟုတ်ဘူးနော် နှစ်ယောက်လုံးတော်ပြီး လိုအပ်တဲ့လူက လိုအပ်တဲ့နေရာကိုဝင်ယူဖို့ အချင်းချင်းကွပ်လပ်ကို ဖြည့်ကြရတာပါ။ ဘယ်သူကမှ ဘယ်သူ့ထက်ပိုတော်နေတာမဟုတ်ပဲ တစ်ယောက်ရဲ့လိုအပ်ချက်ကိုတစ်ယောက်ကဖြည့်ပေးရင်း ရပ်တည်ကြရတာပါ၊ 

ဒါ့ကြောင့် တော်တဲ့ဇနီး တော်တဲ့လင်ယောကျာ်းဆိုတာထက် အတွဲညီသောလင်မယားတွေလို့သုံးတာ ပိုသင့်လျော်မယ်ထင်ပါတယ်။ လင်မယားတွေမှမဟုတ်ပါဘူး သမီးရည်းစားတွေလည်း ဒီအတိုင်းပါပဲ။ အချင်းချင်း supportive ဖြစ်ဖို့လိုပါတယ်။ သားသမီးနဲ့မိဘလည်း ထိုနည်း၎င်းပါပဲ။ အဖွဲ့အစည်းတွေကိုကြည့်ရင်လည်း team work ကောင်းတဲ့ အဖွဲ့အစည်းတွေက ပိုအောင်မြင်တတ်တာပါပဲ။ တစ်ယောက်ချင်းစီရဲ့အရေးပါမှုတွေကို စုပေါင်းပြီး ကိုယ်ကျရာနေရာမှာ အကောင်းဆုံးလုပ်ဆောင်နိုင်ကြရင် အဆင်ပြေအောင်မြင်ကြတာပါပဲ။ ဒါကျွန်မခံယူထားတဲ့ မိသားစုနဲ့ အလုပ်ပေါ်ထားတဲ့ mindset တစ်ခုပါပဲ။ ဒီစာကိုဖတ်ပြီးရင် အတွေးတစ်ခုခုပြောင်းလိမ့်မယ်လို့မျှော်လင့်မိပါတယ်။

ကောင်းသောညပါ။

ချစ်တဲ့

မေဂျူး

သမီးလေး ၁၀နှစ် ၃လ ၁၆ရက်

သားလေး ၃နှစ် ၁၀လ ၆ရက်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *