စမှတ်

ကိုယ့်ကလေးကိုယ် အကြွင်းမဲ့ချစ်နိုင်ဖို့ဆိုတာ ကိုယ်တိုင်က ကလေးဘ၀မှာ အရင်အချစ်ခံခဲ့ဖို့လိုပါလားဆိုတာ မီးငယ်ကြီးလာလေ ကိုယ်ပိုသဘောပေါက်လာလေပါပဲ။ ကလေးရယ် အမေရယ် နူးနူးညံ့ညံ့အချစ်မျိုး ….. ရုပ်ရှင်တွေကြည့်ရုံ စာတွေဖတ်ရုံ သူများပြောတာနားထောင်ရုံနဲ့ လိုက်လုပ်နိုင်ဖို့ဆိုတာ တကယ်ကိုမလွယ်ကူလှပါဘူး။ ကျွန်မတို့ဘ၀မှာ မိဘတွေကို တစ်ခါပဲ တစ်ကြိမ်ပဲ တစ်ဦးထဲကိုပဲရခွင့်ရှိတယ်။ ကျွန်မတို့မိဘတွေရဲ့ ကျွန်မတို့အပေါ်မှာ တစ်ဘ၀လုံးဆက်ဆံပုံတွေက ကျွန်မတို့မသိစိတ်ကနေ ရင်းနှီးပြီးဖြစ်နေတယ်။ ကျွန်မတို့ ဆက်ဆံခံရတာတွေက မထူးဆန်းတဲ့ ကြုံဖူးနေကြဆက်ဆံရေးတွေဖြစ်လာပြီး ကျွန်မတို့ကိုယ်တိုင် ကလေးအမေရောက်တဲ့အခါမှာ ဘယ်လိုအမေမျိုးဖြစ်လာမလဲဆိုတာကို သွားပြီး shape လုပ်ပါတော့တယ်။ 

ဘယ်လိုဆက်ဆံရေးကတော့ positive ဖြစ်တယ် ဘယ်လိုဆက်ဆံရေးကတော့ negative ဖြစ်တယ်ဆိုတာကို ဝေဖန်ပိုင်းခြားနိုင်ဖို့ ကိုယ့်ကိုကိုယ်ပဲ့ပြင်နိုင်ဖို့ ကြိုးစားနေကြတဲ့အမျိုးသမီးတွေရှိသလို တစ်ပုံစံထဲဘောင်ဝင်သွားပြီး မညီမျှတဲ့ နူးညံ့မှုမရှိတဲ့ ချစ်ခြင်းတွေကို generation တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းသွားတဲ့သူတွေလည်းရှိပါတယ်။ ရုန်းထွက်ဖို့ဆိုတာ ဘယ်လိုအရာမျိုးမှာမဆိုခက်ခဲတယ်မလား။

ကိုယ့်ရဲ့ စိတ်ခံစားချက် ရာခိုင်နှုန်းတစ်ဝက်ကျော်ဟာ ရုန်းထွက်ဖို့ကြိုးစားရင်း အမြဲပင်ပန်းနွယ်းနယ်နေတာ မိခင်ဖြစ်လာတဲ့သက်တမ်းတစ်ဝက်ကျော်လုံးလုံးပါပဲ။ နိုဝါတို့လိုချစ်စရာကောင်းတဲ့ တီတီတာတာအရွယ်မှာမသိသာပေမယ့် ကိုယ့်ရဲ့စကားတွေနားမထောင်တော့တဲ့အရွယ် ကိုယ်ပြောတာတွေကိုဆန့်ကျင်တဲ့အရွယ် ကိုယ်ပြောသမျှကိုမနာခံတော့သောအရွယ်ရောက်တဲ့အခါမှာ ကလေးထက် ကျွန်မက ကျွန်မအသားကျခံရတဲ့ကလေးမိဘဆက်ဆံရေးကနေ ရုန်းထွက်ရပါတော့တယ်။ ကျွန်မကို ကျွန်မရခဲ့တဲ့သားသမီးတစ်ယောက်ဘ၀အတွေ့အကြုံကနေတုပ်ထားတဲ့ကြိုးတွေက တင်းလွန်းတော့ ကျွန်မရုန်းရတာ နာကျင်လွန်းရတယ်။ ပင်ပန်းလွန်းရတယ်။ ဒါပေမယ့် ကျွန်မကလေးနာကျင်ရမယ့်အစား ကျွန်မကပဲနာကျင်ပြီး ရုန်းထွက်မယ်လို့ စိတ်ပိုင်းဖြတ်ထားလို့ ကျွန်မပိုပြီးပင်ပန်းနာကျင်ရတယ်။ 

သမီးက ကျောင်းသွားရင် အိပ်ယာနှိုးရတယ် သူ့ရဲ့တစ်ကိုယ်ရည်စာတာဝန်တွေကို မယူသေးပဲ ကလေးဆန်နေတုန်းမို့ ကျွန်မ ငယ်ဘ၀နုဲ့ယှဉ်ပြီး အမြဲမြည်တွန်တောက်တီးမိတယ်။ ကိုယ် ၁၀နှစ်သမီးမှာ မနက်ကျောင်းကား ၆ခွဲကျောင်းကားမှီဖို့ ကိုယ့်ဘာသာ alarm clock နဲ့ထရတယ်။ ထမင်းချိုင့်ကိုယ့်ဘာာထည့်ရတယ်။ ကိုယ့်ဘာသာကျောင်းစိမ်းဝတ် ကိုယ့်လွယ်အိတ်ကိုယ်လွယ်ပြီး ကျောင်းကားစောင့်တဲ့နေရာကိုတစ်ယောက်ထဲသွားရတယ်။ ကိုယ်မထနိုင် မနိုးခဲ့ရင် ကျောင်းပျက်ဖို့ပဲရှီတယ်။ လိုက်ပို့မယ့်သူမရှိသလို ကျောင်းမှာလည်း ဆရာမနဲ့ပဲ ကိုယ့်ဘာသာရှင်းရတယ်။ ဆယ်ကျော်သက်ဘ၀တစ်လျှောက်လုံးရဲ့အိပ်မက်ဆိုးက အိပ်ယာထကနောက်ကျလို့ ကျောင်းကားမမှီတာကိုပါပဲ။ အိပ်မက်ထဲမှာ အကြိမ်ကြိမ်ကိုယ်ဟာ အိပ်ယာထနောက်ကျနေခဲ့ဖူးတယ်။ အပြင်မှာတော့ ကျောင်းမှန်တဲ့ကျောင်းသူတစ်ယောက်ပါ။ သမီးကိုတစ်ဖက်ကဆူပေမယ့် တစ်ဖက်ကတော့ သမီးရနေတဲ့ဘ၀က ကိုယ်တောင်းတ ကိုယ်လိုချင်ခဲ့တဲ့ ကလေးဘ၀တုန်းကက ဘ၀တစ်ခုဆိုတာတွေးမိတော့ ကိုယ်ပျော်ရပြန်တယ်။ ကလေးက ကိုယ့်အားကိုယ်ကိုးတတ်တာ မကိုးတတ်တာတွေထားဦး။ ကျွန်မတို့ဆယ်ကျော်သက်ဘ၀မှာ ဒီလိုအခြေအနေမျိုးရခဲ့ရင် ခုကျွန်မရုန်းရတဲ့ကြိုးတွေက နာကျင်မှုအနယ်းငယ်လျော့နေမှာတော့ အမှန်ပဲမဟုတ်လား။ ကျွန်မသည် ဘာဟင်းထည့်ထားမှန်းမသိတဲ့ ထမင်းဘူးကို ထမင်းစားချိန်မှဖွင့်ကြည့်ရတာကို သေလောက်ကြိုက်တဲ့သူဖြစ်နေခဲ့တာလည်း ရူးမိုက်မှုတစ်ခုလား စွဲလမ်းမှုတစ်ခုလားမသိပေမယ့် ခုအသက် ၃၀ကျော်တဲ့အထိ အဲ့စွဲလမ်းမှုဟာ အမြစ်တွယ်လာတုန်းပါပဲ။

အမေနားမှာကပ်ပြီး ဖက်အိပ်ချင်ခဲ့တယ်။ အမေကသမီးကိုချစ်လိုက်တာဆိုပြီးနမ်းတာမျိုး အမေ့ကိုချစ်လိုက်တာဆိုပြီးနမ်းတာမျိုးတွေဟာ ရုပ်ရှင်တွေပါပဲ။ အပြင်မှာတော့ အမေကအိုက်တတ်တဲ့သူမျိုး သားသမီးကြားမှာ ချစ်မြတ်နိုးစွာနမ်းတာမျိုးဟာ မမှတ်မိတော့လောက်အောက်ပျောက်သွားတဲ့ memory တွေပါပဲ။ အစကတော့ တစ်ချိန်လုံးအမေ့ကိုအပြစ်တင်ရင်း ဖြတ်သန်းလာခဲ့ပေမယ့် ခုနောက်ပိုင်းတော့ အမေ့ကိုနားလည်ပေးနိုင်လာတယ်။ အမေက အမေ့ငယ်ဘ၀ကနေ မရုန်းထွက်နိုင်တဲ့သူမျိုးပါလားဆိုတာ သိလာရတယ်။ အဲ့အတွက် ကျွန်မက ပိုပြီးတော့ရုန်းထွက်ရမယ်ဆိုတာကို ပိုပြီးတော့ နားလည်လာရတယ်။ အဖွားရယ် အမေရယ်မှာတင် ဒီနူးညံ့မှုမရှိတဲ့ချစ်ခြင်းတွေ ကျွန်မဆီမှာရပ်သွားရမယ်။ ကျွန်မ သားရယ် သမီးရယ်ဆီကို ကျွန်မကလက်ဆင့်မကမ်းတော့ဘူး။ တစ်ခါတစ်လေကျရင် ကျွန်မက အရူးကြီးလိုပါပဲ။ ကိုယ့်ရဲ့ခံစားချက် ခံယူမှု action တွေအပေါ်မှာ ကိုယ့်ကိုကိုယ် ဂုဏ်ယူလိုက် ခေါင်းတွေခါလိုက် ရူးသွပ်လိုက်နဲ့ပါပဲ။ ကျွန်မက အရူးမကြီးတစ်ယောက်လို ဖြတ်သန်းရပါတယ်။ အမေ့ကိုလည်းအပြစ်မတင်ပဲနားလည် သမီးကိုလည်းအပြစ်မတင်ရဘူး နားလည်ရမယ်ကြားမှာ ကျွန်မကိုသာ မြင်ယောင်ကြည့်ပါတော့။ ခုလည်း စာရေးရင်းငိုတာပါပဲ။

ခုလိုကျွန်မကခက်ခဲစွာဖြတ်သန်းနေရချိန်မှာ ကျေးဇူးတင်ရတာကလေးတို့အဖေပါပဲ။ ကိုယ့်ကိုယုံပေးပါနော် ကိုယ်ကြိုးစားနေပါတယ်နော်ပြောတိုင်း သူကယုံကြည်တယ်နော် သဲလုပ်နိုင်ပါတယ်ဆိုပြီး အမြဲအားပေးလေ့ရှိပါတယ်။ သူသာ နားလည်မပေးနိုင်ရင် ကိုယ်ဟာ ဒီလောက်ထိရုန်းထွက်နိုင်ခဲ့မယ်မထင်ဘူး။ ကိုယ်အသားကျလာတဲ့ပုံစံအတိုင်း ကလေးတွေအပေါ်ကို ပြန်ပြီးတော့ဆက်ဆံရင်း မိသားစုဟာ ဒီလောက်ပျော်စရာကောင်းနေခဲ့မှာမဟုတ်ဘူး။ တစ်ယောက်တည်းဆို တကယ်လုပ်နိုင်မယ်မထင်ပါဘူး။ ခုတော့ ကိုယ်အများကြီးပဲကြိုးစားတယ် အများကြီးလည်းလုပ်နိုင်ခဲ့တယ် ပြီးတော့ နာကျင်မှုတွေလည်း အများကြီးလျော့လာခဲ့ပါပြီ။

ကျွန်မလိုမျိုးမိခင်တွေ အပြင်မှာအများကြီးရှိပါလိမ့်မယ်။ ကျွန်မလိုမဖော်ပြတတ် ကျွန်မလိုစာမရေးတတ်တဲ့အခါ မွန်းကြပ်နေမှာပါ။ ကျွန်မကအားပေးလိုသူဖြစ်ချင်ပါတယ်။ ရအောင်ရုန်းထွက်ပါ။ ပင်ပန်းတယ် နာကျင်ရတယ် ဒါပေမယ့် ကိုယ့်လိုနာကျင်ရတဲ့သူတစ်ယောက် ကိုယ့်ကလေးလေးမဖြစ်လာတော့ဘူး ကိုယ့်လိုကလေးမျိုးထပ်မရှိနိုင်တော့ဘူးဆိုတာနဲ့တင် နာကျင်မှုတွေဟာ ထိုက်တန်ပါတယ်။ ကိုယ့်ရဲ့ကလေးကတစ်ဆင့် ကိုယ်ံ့ရဲ့မြေးတွေ ကိုယ့်ရဲ့ generation အဆက်ဆက်အတွက် ကိုယ်ကစပြီးတော့ ပြုပြင်ပေးလိုက်တဲ့ ‘ စမှတ် ‘ မို့ပါပဲ။ တစ်ဖက်က သားသမီးတွေအတွက် ရုန်းထွက်သလို တစ်ဖက်ကလည်း မိဘအပေါ်မှာရှိတဲ့နာကျင်မှုတွေကိုဖြေဖျောက်ပါ။ ကျွန်မတို့ ပြိုင်တူသွားကြတာပေါ့။ လက်တစ်ဖက်ကခွင့်လွှတ်ရင် ဒီဖက်လက်တစ်ဖက်ကနာကျင်မှုတွေက ပိုလျော့ရပါတယ်။ ပြုပြင်မရတဲ့ကလေးဘ၀ကို ကျွန်မတို့ဖြတ်ချရင်း ကိုယ့်ကလေးအတွက်ကိုတော့ အလှပဆုံးကလေးဘ၀ memory ကိုတစ်ပြိုင်တည်း create လုပ်လို့ရပါတယ်။ သူက two ways သွားတာမို့လေနော်။ 

ကျွန်မတို့ လုပ်နိုင်ပါတယ်။ 

မေဂျူး

16.11.25 (Sunday)

သမီးလေး ၁၀နှစ် ၄လ ၁၄ရက်

သားလေး ၃နှစ် ၁၁လ ၄ရက်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *