မေမေကမီးမီးကို အရမ်းချစ်တာပဲဆိုတာ မီးမီးသိတယ်။
နေ့တိုင်းစကားတွေအများကြီးပြောတတ်တဲ့မီးမီးကို ဘယ်တော့မှစိတ်ရှုပ်ဟန်မပြပဲ ပြုံးပြုံးလေးမီးမီးကိုကြည့်ပြီး မီးမီးပြောသမျှ နားထောင်တယ်။
မေမေက မီးမီးဘာမေးမေး စိတ်ရှည်လက်ရှည်လည်း ရှင်းပြတတ်သေးတယ်။
တစ်ခါတစ်လေ မေမေကရီစရာတွေပြောပြတယ်။
တစ်ခါတစ်လေ မီးမီးပြောပြတာမရီရပေမဲ့လည်း မေမေကအသံအကျယ်ကြီးအော်ရီတဲ့အခါ မီးမီးတို့တူတူရီကြပြန်တယ်။
မေမေက မီးမီးနဲ့တူတူ မီးမီးမလုပ်တတ်တာတွေဆို တူတူလုပ်ပေးတယ်။
ပြီးတော့ မီးမီးက “မီးမီးနဲ့မေမေနဲ့တူတူလုပ်ကြတယ်နော်” လို့ပြောတဲ့အခါ မေမေက မီးမီးကအရမ်းတော်တာကိုးလို့ ချီးကျူးတတ်ပြန်တယ်။
မေ့မေ့အင်္ကျီတွေကို မီးမီးကဂါဝန်လိုဝတ်ရတာပျော်တယ်။
မေမေကလည်း မီးမီးကိုအမြဲကူညီပြီးဝတ်ပေးတယ်။
မေမေက မီးမီးနဲ့ဆင်တူလေးတွေ လိုက်ဝတ်ပေးတယ်။
မေမေက မီးမီးဆံပင်အရှည်ထားဆို မီးမီးစကားနားထောင်ပြီး အရှည်ကြီးထားပေးတယ်။
မီးမီးကြောက်စရာတစ်ခုခုတွေ့တိုင်း “မေမေရှိတယ်နော် မကြောက်နဲ့”လို့မေမေကပြောလေ့ရှိတယ်။
ဒါကြောင့် မီးမီးက သတ္တိတွေအများကြီးရှိလာပြီ။
မီးမီးအရင်ကကြောက်ခဲ့ဖူးတာတစ်ခုခုတွေ့တိုင်း “မေမေရှိတယ် မီးမီးကြောက်ဘူး”လို့ပြောတဲ့အခါ မေမေက မီးမီးကို “ဒါပေါ့”လို့ ပြုံးပြီးဖက်ထားတတ်တယ်။
မေမေဖက်ပြီး နမ်းတဲ့အခါ မီးမီးကအရမ်းရီပစ်လိုက်တာပဲ။
မေမေက မီးမီးချိုချိုစို့ချင်တဲ့အချိန်တိုင်း ပြုံးပြီးပွေ့ဖက်ထားတတ်တယ်။
မီးမီးချိူချိူစို့ရင်း အိပ်ပျော်သွားတိုင်း မေမေက ဖွဖွလေးနမ်းတယ်။
မီးမီးငိုတဲ့အခါ မေမေကဖက်ထားတယ်။
မီးမီးပျော်တဲ့အခါလည်း မေမေကဖက်ထားတယ်။
မီးမီးစိတ်ဆိုးတဲ့အခါလည်းမေမေကဖက်ထားတာပဲ။
မီးမီးသိတယ် မေမေက မီးမီးကိုဘယ်တော့မှ တစ်ယောက်ထဲပစ်မထားဘူးဆိုတာ။
မီးမီးအိုက်တဲ့အခါ မေမေကအေးအောင်လုပ်ပေးတယ်။
မီးမီးချမ်းတဲ့အခါ မေမေက ရင်ခွင်ထဲမှာထွေးပွေ့ထားတာ အရမ်းနွေးတာပဲ။
မီးမီးနမ်းတဲ့အခါတိုင်း သိပ်ပျော်သွားတဲ့မေမေ့ကိုကြည့်ရတာ မီးမီးသဘောကျတယ်။
အပြင်သွားရင် မေမေ့လက်ကိုင်ထားရင်ကို မီးမီးဘာမှမကြောက်တော့ဘူး။
မေမေက မီးမီးနေ့ရက်တိုင်းကို လှပအောင်ဖန်တီးပေးနိုင်တဲ့ နည်းလမ်းတွေအများကြီးသိတယ်။
မေမေက မီးမီးကို အရမ်းချစ်တာပဲ။
ဒါကို မီးမီးသိတယ်။
နေ့တိုင်းမေမေက မီးမီးကိုချစ်တယ်လို့ပြောတယ်။
မီးမီးကတော့ မေမေ့ကိုချစ်တယ်လို့ပြောဖို့ မေ့မေ့နေတာပါပဲ။
ဒါပေမဲ့လည်း မေမေက မီးမီးကိုအမြဲပဲ ချစ်နေတာပါပဲ။
မေမေ့ကိုလည်း မီးမီးအရမ်းချစ်တယ်။
မေဂျူး
(ငယ်လေးရင်ဘတ်ထဲသို့ဝင်၍ရေးသည်)
9.1.2018
သမီးလေး ၂နှစ် ၆လ ၇ရက်