ချစ်ခြင်းနဲ့တွဲယှက်နေသောအရာများအကြောင်း

ဒီစာကို ခုတင်ထားတဲ့သမီးလေးပုံကိုကြည့်ပြီးရေးလိုက်တယ်။ ပုံထဲမှာ သမီးက ကြည်စင်စွာပြုံးပြနေတယ်။ Christmas party တစ်ခုမှာပေါ့။ မေမေဆင်ပေးထားတာလေးနဲ့ သိပ်ကိုလှနေတယ်။ ဒါပေမဲ့ ဒါပေမဲ့ သူမကိုတစ်ခုချင်းစီမေးပြီး သူမက “Yes” လို့ပြောတာကိုမှ ဝတ်ပေးခွင့်ရခဲ့တာပါ။

သမီးကိုကြည့်ရင်း စိတ်ထဲမှာ တစိမ့်စိမ့်ကျေနပ်ရတယ်။ မနေ့တစ်နေ့က အနှီးလေးနဲ့အူဝဲအော်နေတဲ့ကလေးက ခုချက်ချင်း ဆံနွယ်ခွေလေးတွေနဲ့ အရပ်ရှည်ရှည် ချောမောတဲ့သမီးငယ်လေးဖြစ်လာသလိုပဲ။ သမီးရဲ့ အရာအားလုံးကို ငါ့သမီးလေးဆိုတဲ့အတ္တနဲ့ကြည့်ရတာ သိပ်ချိုမြိန်လွန်းတယ်။

တစ်ဆက်တည်းမှာပဲ သမီးက သူဖြစ်ချင်တာ သူလုပ်ချင်တာတွေနဲ့ သူ့စိတ်နဲ့သူ့ကိုယ် ကြီးပြင်းလာတဲ့ကလေးတစ်ယောက်ဆိုတာကိုလည်း ကိုယ့်ကိုကိုယ် Alarm ပြန်ပေးရပြန်တယ်။ အံ့ဩစရာနော်။ အမေတစ်ယောက်ရဲ့ပျော်ရွှင်ခြင်းတစ်ခုမှာ ကိုယ့်ကိုကိုယ် သတိပေးခြင်းတွေတွဲပါနေရတယ်တဲ့။ မေမေက တစ်ခါတစ်ခါ အဲ့လိုပဲ အစိုးရိမ်ပိုတတ်ပြန်တယ်။

လူကြားထဲမှာ သမီးက လိမ္မာတယ်လို့ပြောကြတိုင်း မေမေပျော်တယ်။ တစ်ခါတစ်လေ ထူးဆန်းတယ်။ ကြားဖူးနေကြ လူတွေပြောနေကြလိုပဲ “အိမ်မှာဆိုမျောက်ပါ လူကြားထဲမှာမို့ ဒီလိုဖြစ်နေတာ”လို့ ရီမောပြီး ပြန်ပြောထွက်ဖို့ကလွယ်တယ်နော်။ Noပါနော် သမီးကို လူရှေ့မှာ အဲ့လိုမပြောချင်ဘူး။ ကလေးသဘာဝပဲမဟုတ်လား။ ကိုယ့်မိသားစုနဲ့ဆို လွတ်လပ်စွာရှင်သန်မယ်။ ကြီပြင်းလာလို့ ပိုနားလည်လာတ့အခါ လူကြားထဲမှာ လိမ္မာယဉ်ကျေးစွာ ပြုမူနေထိုင်တတ်လာတာဟာ ချီးကျူးစရာမဟုတ်လားနော်။ သမီးကို ဘာမဟုတ်ပဲ ရီမောပြောလိုက်တဲ့စကားကြောင့် အရှက်မကွဲစေချင်ဘူး။ ကလေးသေးသေးလေးဆိုပေမဲ့ မသိကျိုးကျွန်ပြုမိတာတွေကြောင့် လူကြီးတွေက သူတို့ကိုအရှက်ခွဲသလိုဖြစ်နေတယ်ဆိုတာ သတိပြုမိရပြန်တယ်။ တွေ့လား မေမေက သမီးရဲ့သေးသေးလေးကအစ အရေးတယူရှိတတ်နေပြန်တယ်။

ဒါပေမဲ့လည်း သမီးလေးက သူမစိတ်နဲ့သူမကိုယ်ဆိုသလို မေမေကလည်း တစ်ခါတစ်လေ စိတ်တိုတာ ငါ့စိတ်နဲ့ငါ့ကိုယ်ဆိုတဲ့စိတ်တွေက ရုန်းထလာပြန်တယ်။ မေမေက အမြဲကိုယ့်ကိုကိုယ် ရီနေခဲ့တာ။ ၅နှစ်ကလေးနဲ့ ငါကလိုက်ပြိုင်နေတာပဲကွာလို့။ သမီးဟာ ကလေးတစ်ယောက်မို့ သမီးပြုမိလိုက်တဲ့အရာတိုင်းအတွက် အကြောင်းပြချက်မလိုသလို အကျိုးသင့်အကြောင်းသင့်ရှိစရာမလိုပါဘူး။

ဥပမာ မနေ့က laptop အပေါက်ထဲ playdough တွေကိုထည့်နေတဲ့သမီးကို ဘာလို့လဲလို့ စိတ်တိုပြီးမေးနေခဲ့တာ တော်တော် reckless  ဖြစ်တဲ့မေမေပဲလို့ ထင်မိတယ်။ ဘာလို့လဲမေးနေမယ့်အစား ဒီလိုလုပ်ရင် ဘာဖြစ်တတ်လို့ နောက်မလုပ်သင့်ကြောင်းရှင်းပြနေခဲ့ရမှာ။ သမီးရဲ့ ၅နှစ်အရွယ်ကနေစဉ်းစားကြည့်တဲ့အခါ တစ်ယောက်တည်းပျင်းရိစွာဆော့နေရတဲ့သမီးနားမှာ play dough ရော laptop ရောချထားတော့ မေမေဆိုလည်း သမီးလိုပြုမူမိမှာပဲတွေးရတယ်။ သမီးထက်တောင် silly ပိုဖြစ်တာ လုပ်မိမလားပဲ😅 သူ့နေရာနဲ့သူ ပစ္စည်းတွေမထားတဲ့ မေမေတို့လူကြီးတွေက ပိုအဆူခံသင့်တာပါ။ မနေ့က အဆူခံရမယ့်အစား မေမေကစည်းကမ်းမရှိပဲ သိမ်းမှ မသိမ်းတာလို့ပြောလိုက်ရင် မေမေတကယ်ပါးစပ်အဟောင်းသားဖြစ်မိမှာပါပဲ။

အရုပ်တွေဖွရင် ဆူပြန်တယ်။ အရုပ်အသစ်ရလို့ ပျော်နေတဲ့သမီးကိုကြည့်ပြီး ပျော်နေခဲ့ရတာလည်း ဒီမေမေပဲနော်။ “မေမေကတူတူဆော့ပြီး တူတူသိမ်းပေးတဲ့အလေ့အကျင့်ကို သေချာမလုပ်ပေးခဲ့လို့ပေါ့” လို့ သမီီးမျက်လုံးဝိုင်းဝိုင်းလေးနဲ့ ပြောခံရသင့်တာလို့ ကိုယ့်ကိုကိုယ်စိတ်ထဲကနေပြောမိတယ်။

ဒီလိုတွေမေမေလိုက်တွေးပေးကြည့်နေတာဟာ သမီးကြောင့်မဟုတ်ပါဘူး။ အမေတစ်ယောက်မို့လည်းမဟုတ်ဘူး။  တာဝန်ဝတ္တရားကြောင့်လည်းမဟုတ်ဘူး။ မေမေကတော်လို့ စိတ်ရှည်လို့လည်းမဟုတ်ဘူး။ သမီးကို လူသားဆန်တဲ့စိတ်နဲ့ ပြုမူဆက်ဆံတဲ့မေမေဖြစ်ချင်ရုံလေးပါပဲ။ မေမေကမတရားဘူး။ မေမေကျတော့လုပ်တယ် မီးမီးကျတော့မရဘူးဆိုတာတွေမရှိစေချင်ဘူး။ နင်ကလေး ငါလူကြီးဆိုတာတွေကိုမေမေကိုယ်တိုင်မုန်းခဲ့လို့ သမီးကိုလည်း ပြန်မပေးဘူး ဒီလိုခံစားချက်တွေ။ တစ်ခုပဲရှိတယ်။ အမေနဲ့သမီးကြား ဘာခြားနားမှုမှမရှိပဲ မျှတတဲ့ဆက်ဆံရေးလေးရှိစေချင်တာတစ်ခုပါပဲ။

သို့တိုင်အောင် မေမေ့စိတ်တွေက တစ်ခါတစ်ခါလွတ်ထွက်နေမြဲပဲ။ သမီးကိုစိတ်မရှည်စွာကြည့်တယ်။ စိတ်ပျက်စွာကြည့်တယ်။ အားမလို အားမရဆိုမိတယ်။ ဆူတယ် အော်တယ်။ ဆိုးတယ်ပြောမိတယ်။ But သမီးကိုရှင်းပြမှာပါ။ မေမေကလည်း လူသားတစ်ယောက်မို့ ဒီလိုပြုမူမိတာဖြစ်တဲ့အကြောင်းပြောပြမှာပါ။ ဒီအခါ သမီးလည်း စာနာ နားလည် ခွင့်လွှတ်တတ်ခြင်းဆိုတဲ့ လူသားဆန်မှုကို တတ်မြောက်လာပါဦးမယ်။

တကယ်တော့ မေမေတို့အားလုံးဟာ အမှားကိုယ်စီရှိတယ်။ အမှားတွေလုပ်မိတယ်။ အသက်အရွယ်အပိုင်းအခြားအားလုံးမှာ အမှားဆိုတာ လုပ်မိကြတာပဲ။ သမီးတို့ကလေးတွေမှ အမှားလုပ်တာ ဆူခံရပြီး မေမေတို့အမှားကြ အမှားမဟုတ်ဘူးဆိုတာ ဘယ်ဖြစ်သင့်မလဲ။ ဒီတော့ မေမေတို့အမှားတွေအကြောင်း သမီးနဲ့တစ်နေ့ဆွေးနွေးဦးမယ်။ အမှားတွေက lesson ယူတတ်ဖို့ အမှားတွေဟာ ပိုရင့်ကျက်လာတတ်စေကြောင်းပြောပြဦးမယ်။ ဒီတော့ ငါမှားနေတယ်ဆိုတဲ့စိတ်နဲ့ ချောင်ပိတ်မနေတော့ဘူးပေါ့။ မေမေမှားဖူးခဲ့တာတွေကို ခုတော့ကျေနပ်နေမိတယ်။ မေမေမှားဖူးတာတွေဟာ သမီးအတွက်တော့ အဆင်သင့် lesson  တွေဖြစ်နေပြီးလို့ ကျေနပ်ရတယ်။

သမီးကိုကြည့်နေရင်း အတ္တတွေလျော့နေရတယ်။

သမီးကိုကြည့်နေရင်း ကြည့်နေရင်းနဲ့ သမီးက သမီးဘာသာသီးသန့်ဖြစ်တည်နေတဲ့လူသားတစ်ယောက်ဆိုတာ မေမေက ကိုယ့်ကိုကိုယ်သင်ပေးနေမိတယ်။

သမီးလက်ကိုကိုင်ထားရင်း သမီးလက်ကိုလွှတ်ပေးဖို့ လေ့ကျင့်နေမိတယ်။

ဒါက မိခင်တစ်ယောက်ရဲ့ လူသားဆန်မှုလေးပါပဲ။

သမီးကတော့ အရာအားလုံးကိုပိုင်တယ်။

မေမေကတော့ တစ်ဖြည်းဖြည်းနဲ့ memory တွေကိုပဲ အပိုင်ယူထားဖို့ ကြိုးစားနေတာမို့လို့ပါ။

သမီးကိုချစ်တယ်❤️

မေဂျူး

26.12.20 (Sat)

သမီးလေး ၅နှစ် ၅လ ၂၄ ရက်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *