အခြေအနေတွေမတူတဲ့အခါ

အခြေအနေတွေမတူတဲ့အခါ

(Story 1)

သမီးလေးကိုမွေးတဲ့နေ့ ပထမဆုံးဆေးရုံပေါ်ကညပေါ့။ အမေတစ်ယောက်ဖြစ်တာ တစ်ရက်တောင်မပြည့်သေးတဲ့အခါ မယုံကြည်နိုင်ခြင်းများစွာနဲ့။ ဒါငါ့ကလေးလား။ ဒီကလေးလေးကို ငါကျန်းမာစွာနဲ့မွေးထုတ်နိုင်ခဲ့ပြီလား။ ငါသိပ်ကြောက်ခဲ့တဲ့ ကလေးမွေးရတဲ့အချိန်နာကျင်မှုတွေဟာ တကယ်ပဲပြီးသွားတာလား။ ဒီကလေးလေးက ငါလပေါင်းများစွာမမြင်ဖူးပေမဲ့ သိပ်ကိုချစ်ခင်မြတ်နိုးရတဲ့ကလေးလေး အပြင်လောကကိုတကယ်ထွက်လာခဲ့ပြီလား။ စသဖြင့် ….လားပေါင်းများစွာနဲ့ တစ်ညလုံးမအိပ်ဖြစ်ဘူး။ သမီးကိုနို့တိုက်တာတောင် သမီးမျက်နှာလေးကိုငုံ့ကြည့်နေလို့ ဇက်ကြောတွေတောင်တက်တယ်။ သမီးဆံပင်ကွေးကွေးလေးကိုသပ်ကြည့်လိုက် လက်ကလေးကိုကိုင်ကြည့်လိုက်နဲ့။ ခုမှမြင်ဖူးတဲ့ ကိုယ့်သမီးလေးကိုယ် တစ်ခုချင်းစီ တစိမ့်စိမ့်ကြည့်နေမိတယ်။ တစ်ဖက်ကုတင်မှာတော့ ကိုယ့်လို ကလေးမွေးထားကာစ မိခင်တစ်ယောက်။ ကိုယ့်ထက်နည်းနည်းတော့အသက်ကြီးလိမ့်မယ်။ သူကတော့ ညဖက်ကလေးနို့တိုက်တာတောင် ငိုက်နေတယ်။ ဟယ်… ကလေးကိုမချစ်လို့လား။ ငါဆို အိပ်ချင်စိတ်တစ်စိမှမရှိဘူးဆိုပြီး တွေးမိနေတယ်။ ပထမဆုံးမိခင်ဖြစ်လာတဲ့ကိုယ်က ကိုယ့်ခံစားချက်တွေနဲ့ နှိုင်းပြီး ပထမဆုံးဝေဖန်မိခြင်းပေါ့။

(Story 2)

သမီးလေးနဲ့ဆေးရုံကနေဆင်းပြီး ပထမဆုံးအကြိမ် ဆေးရုံရက်ချိန်းသွားပြန်ပြတယ်။ ကိုယ့်သမီးလေးကိုတော့ ငုံ့ကြည့်မဝတဲ့ လုံးဝ Proud mother ကြီးပေါ့။ နို့ကောင်းကောင်းစို့လို့ ပေါင်ချိန်တက်နေတဲ့ကလေးဖွေးဖွေးကြီး အမြဲပြုံးနေတဲ့ကလေးလေးကို ချစ်မဆုံးနိုင်ဘူး။ ဒါပေမဲ့ ဆေးရုံဝင်ပေါက်ဝမှာ ကိုယ့်လိုပဲ ရက်သားလေးချီထားတဲ့ မိခင်တစ်ယောက်ကိုတွေ့တယ်။ သူ့ဘေးကနေဖြတ်အသွားမှာ သူမကလေးကိုသူမ “နင်က ငါ့ကိုဒုက္ခကိုပေးတယ်” လို့ပြောတာအကြားမှာ ကိုယ်မဲ့မိတယ်။ ကိုယ့်အမေကိုတောင်ပြောလိုက်သေးတယ်။ ဟယ် ကလေးသေးသေးလေးကို ဒုက္ခပေးတယ်ပဲရှိရသေးတယ် အမေရယ်လို့။ ပြောပြီးတာနဲ့ ကိုယ်ချီထားတဲ့သမီးလေးကို ငုံ့ကြည့်တော့ သမီးလေးက ရီပြတယ်။

(Story 3)

သမီးလေးမွေးပြီး ခွင့်ရက်စေ့တော့ အလုပ်ပြန်ဝင်ဖြစ်တယ်။ ဒါပေမဲ့ မိခင်နို့ညှစ်ပြီးတိုက်ဖို့ ခေါင်းမာမှုပေါင်းများစွာ ကြိုးစားမှုပေါင်းများစွာနဲ့ နောက်ဆုံးတော့ အောင်မြင်ခဲ့တယ်။ ကိုယ့်ကိုကိုယ်လည်း ဂုဏ်ယူမဆုံးဘူး။ အလုပ်ကအိမ်အပြန်သယ်သွားတဲ့ သမီးလေးအတွက် နို့ရည်သိမ်းတဲ့အိတ်ဟာ ကိုယ့်အတွက် သိန်းထောင်နဲ့ချီပေးရတဲ့အိတ်ကိုလွယ်ထားရသလိုပဲ။ ဖြစ်နိုင်ရင် လူကြားထဲ မြှောက်မြှောက်ပြီးတောင် ကြွားလိုက်ချင်သေးတာ။ ဒီလိုနဲ့ အလုပ်ပြန်ဝင်မဲ့မိခင်တိုင်း ကျွန်မလို လုပ်ပါလိုက်ပြောမိတယ်။ အိမ်သာထဲမှာ နို့တွေညှစ်ထုတ်ပစ်တယ်ကြားတိုင်း “ဟာ မလုပ်ပါနဲ့ ညှစ်ပြီးအိမ်ကိုပြန်သယ်သွားလို့ရပါတယ် ကလေးသောက်လို့ရပါတယ်” လိုက်ပြောရင်း မချိတင်ကဲစိတ်တွေဖြစ်မိတယ်။ ကိုယ်သိပ်ဂုဏ်ယူဝံ့ကြွားရတဲ့လုပ်ရပ်တစ်ခုကို ဒီလောက်ကောင်းတဲ့နည်းရှိတာကို ဘာလို့မလုပ်ရတာလဲဗျာလို့ စိတ်နည်းနည်တိုမိခဲ့တယ်။

(Story 4,5,6………..)

ဒီလိုနဲ့ အမေဖြစ်လာပြီးတဲ့နောက် ကိုယ်နဲ့နှိုင်းပြီး ဝေဖန်မိတဲ့ Story ပေါင်းများစွာဟာ ရေးပြမကုန်ဘူးပေါ့ဗျာ။

Story 1 2 3 ဖတ်ပြီးတော့ ဂျူးလိုပဲ မြင်မိလား? ဂျူးအမြင်ကိုလက်ခံလား?

စိတ်ထဲမှာအရင်ဖြေကြည့်ပြီးမှ ဆက်ဖတ်ပါနော်။

တကယ်တော့ မေမေအသစ်ချပ်ချွတ်တစ်ယောက်ဟာ အတွေ့အကြုံတွေလည်းနည်းတယ်။ မိခင်ဘဝဆိုတာကိုလည်း နားမလည်သေးဘူး။ မတူညီတဲ့အခြေအနေတွေရှိတယ်ဆိုတာကိုလည်း မစဉ်းစားပေးတတ်သေးဘူး။ မိခင်တစ်ယောက်ဖြစ်လာတာကို အလွန်အကျူး ဂုဏ်ဆာနေတဲ့ မိခင်အသစ်ကလေးပါလားလို့ အရင်တုန်းကကိုယ့်ပုံစံကိုယ် ခုကာလကိုယ်က ပြန်မြင်မိတယ်။

အခြေအနေတွေမတူတဲ့အခါ (Story 1)

တကယ်တော့ တစ်ဖက်ကုတင်ပေါ်မှာ ကလေးနို့တိုက်ရင်း ငိုက်မြည်းနေတဲ့မေမေဟာ ကိုယ်ဆေးရုံစရောက်ကတည်းက သူ့ဘေးမှာ ဆေးရုံစောင့်တစ်ယောက်မပါခဲ့ရှာဘူး။ ကလေးအနှီး သူ့အဝတ်သူလျော်တာကအစ စားစရာဆင်းဝယ်တာအဆုံး သူတစ်ယောက်တည်းလုပ်ရရှာတာ။ ဒီတော့ ပင်ပန်းရှာပြီပေါ့။ ကိုယ်ကတော့ ကလေးမွေးထားတဲ့အနာကြောင့် ကောင်းကောင်းတောင် မထိုင်နိုင်ခဲ့ဘူး။ ထဖို့ကိုတောင် ဘေးကတစ်ယောက်ထူမှ ထနိုင်တယ်။ ကလေးနို့ဆာရင် ကလေးကို ကိုယ့်ဘေးနားအဆင်သင့်ချီလာပေးမဲ့သူရှိတယ်။ အိမ်ကလူတွေ ဆွေမျိုးတွေ သူငယ်ချင်းတွေ အနားမှာမပြတ်ဘူး။ သမီးကိုကြည့်ဖို့ Nurse ကငှားထားသေးတယ်။ ခုချိန်ပြန်တွေးတော့ တစ်ဖက်ကုတင်ကမေမေအပေါ်ပြုမိတဲ့ တင်္ဒဂဝေဖန်ချက်ကို ကိုယ်အားနာလိုက်တယ်။ ခွင့်လွှတ်ပါအစ်မရေ။ ကျွန်မ မသိနားမလည်ခဲ့လို့ပါလို့ သူ မသိပေမဲ့ တောင်းပန်ချင်မိတယ်။ လွန်ခဲ့တဲ့ ၅နှစ်ကျော်ကအတွေးဟာ ခုချိန်မှာတော့ လုံးဝပြောင်းပြန်ပါပဲ။ ဒီမေမေကို ချီးကျူးလိုက်တာ။ အစအဆုံး ဘေးမှာအကူအညီမပါပဲ တစ်ယောက်တည်း ဆေးရုံတက်တဲ့တောက်လျှောက်သူလုပ်နိုင်ရှာတယ်။ ကိုယ်ကတော့ ကလေးအမေအသစ်မို့ Nurse တို့ တခြားသူတို့ကပြောသမျှ နားထောင်နေတဲ့အချိန် သူကလည်းဘေးကလိုက်မှတ်နေရှာတယ်။ တကယ်တော့ ဂုဏ်ယူစရာမိခင်ဟာ ဘေးကလူတွေအများကြီးကြားကနေ ညဖက်ကလေးနို့တိုက်ချိန် မငိုက်တဲ့ကိုယ်မဟုတ်ပဲ တစ်နေကုန်ဝေယျာဝစ္စတွေအကုန်သူမဘာသာစီမံတဲ့အပြင် ညဖက်မှာတောင် ကလေးနို့တိုက်မပြတ်ကွက်တဲ့ တစ်ဖက်ကုတင်ကမေမေရယ်ပါ။ အခြေအနေတွေမတူတဲ့အခါ ကိုယ်ပိုင်ဘဝတွေကနေ ကိုယ်မပိုင်တဲ့သူများဘဝတွေကိုတိုင်းတာပြီး ဝေဖန်ခြင်းမပြုလုပ်ဖို့ ကျွန်မသင်ယူခဲ့ပါတယ်။

အခြေအနေတွေမတူတဲ့အခါ (Story 2)

ဘေးနားကနေဖြတ်သွားချိန် ကြားရတဲ့စကားလေးတစ်ခုကနေ ဝေဖန်ပြစ်တင်စောမိတာ ကျွန်မ သိပ်ကိုမှားတယ်ဆိုတာ သိလိုက်ရပါတယ်။ တကယ်တော့ ဘေးမှာအဖော်မပါပဲ ကလေးလေးကိုချီပြီး တစ်ယောက်တည်းဆေးရုံလာရတဲ့ မေမေလေးဟာ နည်းနည်းတော့ ကသီမှာပါပဲ။ ရက်သားလေးတွေဟာ ရှူးပေါက်လိုက် အီးပါလိုက် အချိန်တိုင်းလုပ်နေတာ သူမကလေးလေးဒိုက်ပါမှ ဝတ်လာရဲ့လား။ နို့ခဏခဏစို့တတ်တာမို့ နို့ဆာလို့ ငိုနေချိန် ဒီမေမေလေး လူကြားထဲနို့လှန်တိုက်ရမှာ စိတ်အိုက်နေလား။ ညဖက်ကလေးကူကြည့်မဲ့သူမရှိလို့ တစ်ညလုံးနို့တိုက်ရင်း ကလေးငိုတာသိပ်ရင်း အိပ်ရေးမဝလို့ တအားပင်ပန်းနေမလား။ ကလေးကို “နင်က ငါ့ကိုဒုက္ခကိုပေးတယ်” ဆိုတဲ့နောက်က အကြောင်းအရာတွေအများကြီးရှိနိုင်တာကို ကိုယ်မသိခဲ့နိုင်ဘူး။ ကလေးအမေပေါက်စဖြစ်တဲ့အပြင် ဆေးရုံရက်ချိန်းသွားတဲ့ကိုယ့်ဘေးမှာတော့ အမျိုးသားရော အမေရောက အတူပါလာတယ်။ ကလေးပစ္စည်းတွေကိုင်ပေးဖို့ ဆေးစာအုပ်တွေကိုင်ပေးဖို့ ကိုယ်ကလေးနို့လှန်တိုက်ရင် ဘေးကနေကာပေးမဲ့အမျိုးသားကအဆင်သင့်နဲ့ ဒုက္ခဆိုတာကို ကျွန်မနားမလည်ခဲ့ဘူး။ သမီးလေးကြီးပြင်းလာရတာနဲ့အမျှ သမီးဝေယျဝစ္စတွေတစ်ယောက်တည်းလုပ်ရတဲ့အချိန်မှာ ငြီးငြူမိတဲ့အခါမှ “နင်က ငါ့ကိုဒုက္ခကိုပေးတယ်”ဆိုတဲ့ မေမေလေးကို ကျွန်မ ခဏခဏသတိရမိတယ်။ မေမေလေးမမှားပါဘူး။ မိခင်တွေဟာ သိပ်ကိုပင်ပန်းတာပါ။ ဘေးကနေဖြတ်သွားစဉ်ခဏပြစ်တင်မိတာကို တောင်းပန်ပါတယ်။ ကျွန်မ ကိုယ်ချင်းစာတတ်ဖို့ သင်ယူခဲ့ရပြန်တယ်။

အခြေအနေတွေမတူတဲ့အခါ (Story 3)

တကယ်တော့ မိခင်နို့ကိုညှစ်ပြီးဆက်လက်တိုက်ကျွေးနိုင်ဖို့မလွယ်ပါဘူး။ မိခင်နို့ကိုသိမ်းဆည်းပြီး ကလေးကိုတိုက်မဲ့အချိန်မှာ အရင်ယူရမဲ့ဘူး နောက်မှယူရမဲ့ဘူး ဘယ်လိုနွေးရတယ် ဘယ်နှစ်နာရီပဲအပြင်မှာထားလို့ရတယ် ဘယ်လိုဆိုပြန်မသိမ်းရဘူး ကလေးကဘယ်လောက်ပဲသောက်တယ် ဘယ်လိုအခြေအနေဆိုမိခင်နို့ကမကောင်းတော့ဘူးလဲ မီးပျက်သွားရင်ရေခဲသေတ္တာထဲကနို့တွေ ဘယ်လိုစီမံမလဲ စသဖြင့် ကိုယ်ကတော့ ကလေးအမေမို့ အားလုံးကိုအလွတ်ရနေပေမဲ့ တခြားသူအတွက်တော့ မလွယ်ကူလှပါဘူး။ ဒါပေမဲ့ သမီးလေးအတွက်ကိုတော့ သူမကိုကြည့်ဖို့ မမတစ်ယောက်ငှားထားတဲ့အတွက် အလုပ်မဝင်ခင် သူမကိုသေချာသင်ပြထားပြီးတဲ့အပြင် ရေခဲသေတ္တာမှာပါ စာတွေကပ်ထားပါတယ်။ စာအုပ်တစ်အုပ်မှာ ကလေးနို့ဘယ်လောက်စို့တယ်ဆိုတာ အချိန်နဲ့ရက် နေ့စဉ်စစ်တမ်းယူထားတဲ့အတွက် သမီးရဲ့မမရော ကိုယ်ရောကောင်းကောင်းသိနေပါပြီ။ တစ်ခုခုဆိုလည်း ဖုန်းကိုလှမ်းဆက်ပြီးပြောလို့ရတဲ့အခါ ပြီးတော့ နို့သိမ်းဆည်းဖို့ ပစ္စည်းကရိယာတွေအစုံအလင်ရှိတဲ့အခါ မိခင်နု့ိသည်သာ အကောင်းဆုံးလို့ကြွေးကြော်နိုင်ခဲ့ပါတယ်။ ကိုယ့်မှာတော့ ကိုယ်သေချာပြောပြတာကိုနားထောင်မဲ့ မမတစ်ယောက်ကိုရှာနိုင်ခဲ့ပေမဲ့ အခြေအနေတွေမတူတဲ့အခါ မိဘ ယောက္ခမ လူကြီးတွေနဲ့ထားခဲ့ရမဲ့မေမေတွေအတွက်တော့ တကယ်မလွယ်ပါဘူး။ ခေတ်ပညာတတ်တစ်ယောက်အတွက်တောင်မလွယ်ကူပဲ သေချာပြင်ဆင်ရတာတွေကို လူကြီးတွေအတွက်ဆို ပိုတောင်ရှုပ်ထွေးနေမှာပါ။ လူတိုင်းမှာ သူ့အကြောင်းပြချက်နဲ့သူရှိပါလားဆိုတာကျွန်မဆင်ခြင်မိကတည်းက တစ်ပါးသူကိုအတင်းတိုက်တွန်းခြင်းအစား ဆွေးနွေးအကြံပေးခြင်းကိုသာလုပ်ဖို့သင်ယူခဲ့ပြန်ပါတယ်။

ဒီစာလေးဖတ်ပြီးတဲ့အခါ ဘယ်အရာမဆို ဘယ်သူနဲ့တွေ့ပါစေ ဘယ်လိုအရာတွေကြုံကြုံ “အခြေအနေတွေမတူတဲ့အခါ” ဆိုတာလေးကို သတိရပြီး တွေးမိကြမယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်မတို့ဟာ ဖြစ်ရပ်တွေကနေပဲ သင်ယူကြရတာ ရင့်ကျက်လာကြရတာပါပဲ။ မမှားဖူးတဲ့သူမရှိဘူး။ ကိုယ့်ရဲ့အမှားကနေ သင်ယူနိုင်မှ ရင့်ကျက်သောသူတစ်ယောက်ဖြစ်လာမှာပါ။ အတွေးမှား လုပ်ရပ်မှားတွေ လူတိုင်းပြုဖူးမယ်။ ဒါပေမဲ့ မတူညီတဲ့အခြေအနေတွေရှိတာမို့ တစ်မျိုးပြောင်းစဉ်းစားတတ်စေဖို့ ကိုယ်သင်ယူခဲ့ရတာတွေကို ရေးပေးလိုက်ရပါတယ်။

“ ပိုကြားချင်ရင် ပိုနားဆင်ပါ။ ကိုယ်ပြောနေတာတွေ သူများနားထောင်စေချင်ရင် သူများတွေပြောတာကိုလည်း ကောင်းမွန်စွာ အရင်နားထောင်ပေးပါ။ “

ချစ်တဲ့

မေဂျူး

18.11.20 (Wed)

သမီးလေး ၅နှစ် ၄လ ၁၆ရက်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *