“သမီးလေးက ကလေးလေးတစ်ယောက်အရွယ်လေးပါ” လို့ တစ်ခါတစ်ခါ မေ့သွားမိတယ်။ ကိုယ့်ဖက်က ကလေးတစ်ယောက်ကို လူကြီးတစ်ယောက်လိုမြင်ပြီး ဆူပူမိတာတွေ စိတ်မရှည်မိတာတွေ ငြူစူမိတာတွေ အကြိမ်ကြိမ်ပြုမိတယ်။ ကလေးလေးကတော့ သိပ်သနားဖို့ကောင်းတာပဲ။ သူ့အရွယ်အရဖွံ့ဖြိုးလာတဲ့အရာတွေကို မေမေကနားမလည်ပေးတဲ့အချိန်မှာ သူတစ်ကိုယ်တည်း တိုက်ပွဲဝင်ရရှာတယ်။ တစ်ဖက်ကမေမေကလည်း ဆူပဲဖိဆူနေတယ်။ မေမေမချစ်တော့မှာလဲစိုးရိမ်စိတ်တစ်ဖက် ကိုယ့်စိတ်ခံစားချက်တွေကိုမထိန်းချုပ်တတ်သေးတဲ့အရွယ်မို့ လုပ်ချင်တာကိုလုပ်ပစ်ချင်စိတ်တွေကတစ်ဖက်နဲ့ သမီးလေးတစ်ယောက်တည်း သိပ်သနားဖို့ကောင်းမှာပဲ။ ဒီလိုချိန်မှာ မေမေကသာ မီးမီးကိုနားလည်ပေးပြီး မီးမီးဘာလို့ဒီလိုလုပ်နေရတာလဲဆိုတာကို လက်ခံပြီးဖေးမပေးရင်သိပ်ကောင်းမှာပဲလို့ သမီးလေးကတွေးနေမလား။ လူကြီးတစ်ယောက်လို “မီးမီးကိုနားလည်ပေးပါ”မေမေရယ်လို့ မပြောတတ်ပေမဲ့ တစ်ခါတစ်ခါ ကလေးမျက်လုံးထဲက စကားတွေကိုဖတ်ဖို့တောင် မကြိုးစားမိတဲ့ကိုယ်ဟာ သိပ်ဆိုးတာပဲ။ တစ်လောကလုံးမှာငါ့ကိုဘယ်သူမှ နားမလည်ဘူး ငါ့ဖက်ဘယ်သူမှမရှိဘူး ငါ့ကိုပဲဝိုင်းအပြစ်တင်နေတာပဲလို့ အဲ့လောက်ဆိုးဝါးခါးသီးတဲ့ခံစားချက်ကို ကိုယ်တိုင်ရဖူးပါရဲ့ သမီးကိုဘာလို့ ထပ်ခံစားစေမိပါလိမ့်။ မေမေရှိပါတယ် မေမေနားလည်တယ် မေမေဖက်ထားပေးမယ်လို့ အမြဲတမ်းမပြုမိရတာလဲ။ မေမေသမီးကို သိပ်အားနာမိတာပဲ။
သမီးကိုလူကြားထဲခေါ်လို့မရ ကိုယ်လုပ်ချင်တာတွေပဲဇွတ်အတင်း ဂျီကျတုန်းက မေမေစိတ်ပျက်မိတာ နောက်ဘယ်သွားသွားမခေါ်တော့ဘူးလို့ပြောမိတာတွေကိုလေ သမီးကလူကြားထဲမှာ သိပ်လိမ္မာတဲ့အချိန်တိုင်း မေမေသမီးကို သိပ်အားနာမိတာပဲ။
သမီးရဲ့ပြောပြနေတဲ့စကားတွေကို နားမထောင်ပဲ အရင်ဆူမိပြီးမှ သမီးကရှင်းပြတာဟာ လက်သင့်ခံရမဲ့အကြောင်းအရာတွေဆိုရင် ဆူမိခဲ့တာတွေအတွက် မေမေသမီးကို သိပ်အားနာမိတာပဲ။
အစားမစားလို့ ဆူမိတိုင်း ထမင်းတွေအများကြီးစားလို့သိပ်ဝမ်းသာမိတဲ့အခါလည်း မေမေသမီးကို အရမ်းအားနာတယ်။
မေမေအလုပ်သွားချိန်မှာ လိမ္မာစွာနဲ့ရှိပေးတဲ့ကလေး
ထမင်းတွေ သေချာစားပေးတဲ့ကလေး
ကျောင်းမှာလည်း လိမ္မာတဲ့ကလေး
ယဉ်ကျေးပြီး အလိုက်သိတဲ့ကလေး
ဒီလို သိပ်ကို သမီးအတွက်ဂုဏ်ယူမိတဲ့အချိန်တိုင်း သမီးကိုဆူမိတဲ့အချိန် မနူးညံ့သောစကားတွေပြောခဲ့မိတာတွေအတွက် မေမေလေ သမီးကို သိပ်အားနာတာပဲ။
စိတ်လိုလက်ရရှိတိုင်း သမီးကိုပြောဖြစ်တယ်။
ဆူမိတာတွေဟာ ချစ်လို့ပါလို့။
ဆူရတာတွေလည်း နည်းသမျှနည်းအောင် လျော့နိုင်နေပြီ။
နောက်ဆို သမီးကိုအားနာတဲ့အကြောင်းကိုပါ ထည့်ပြောဖြစ်မယ်။
အခုလည်းပြောမယ် သမီးကြီးတဲ့အထိလည်း ပြောပြဖြစ်နေဦးမယ်။
သမီးကတော့ အမြဲတစေ မေမေ့ကိုပြုံးပြီး အချစ်တွေအပြည့်နဲ့ ကြည့်နေဦးမှာပဲဆိုတာသိပါတယ်။
ဘယ်တော့မှမပြောင်းလဲပဲ ဘယ်တော့မှစိတ်မပျက်ပဲ မေမေ့ကိုတသမတ်တည်းအမြဲချစ်နေပေးလို့လည်း ပိုပိုပြီးတော့ မေမေသမီးကို သိပ်အားနာမိပါတယ်။
တကယ်အားနာမိပါတယ် ကလေးရယ်
(သိပ်လိမ္မာတဲ့ကလေးလေး အိပ်ပျော်နေတာကိုကြည့်ပြီး အားနာလွန်းလို့ ရေးမိတဲ့စာ)
မေဂျူး
6.1.2020 (Monday)
သမီးလေး ၄နှစ် ၆လ ၄ရက်