ပြုံး၍သာကျန်ခဲ့ပါမည်

(သားသမီးကိုချစ်တတ်လွန်းသူများဖတ်ဖို့)

ကျွန်မ ဘယ်သူတွေနဲ့စကားပြောဖြစ်ပါစေ သမီးလေးအကြောင်း ရောက်လာတဲ့အခါ ကျွန်မရဲ့သမီးအပေါ်ရူးသွပ်မှုတွေဟာ အတိုင်းသားပေါ်လွင်လာတော့တာပဲ။ သမီးလေး (၄)နှစ်ကျော်ပြီ ခုထိ သူမလေးနဲ့တစ်ညတောင်ခွဲမအိပ်ဖူးတာ အပြင်သွားရင် ဘယ်သူနဲ့မှစိတ်ချလက်ချမပေးထားနိုင်ပဲ သမီးနားပဲရှိနေတတ်တာ သမီးနေမကောင်းဖြစ်တိုင်းငိုနေတတ်တာ ဘယ်သွားသွားသမီးလက်ဆွဲခေါ်သွားတာ ကလေးနောက်တစ်ယောက်ထပ်မယူတာ သမီးကိုထားတဲ့ကျောင်း သမီးကိုလုပ်ပေးနေတာတွေ ဒါတွေကိုသိမြင်ကြတဲ့အခါ ကျွန်မကိုစိတ်ပူကြတယ်။ သမီးအပေါ်အရမ်းတွယ်တာလွန်းတဲ့ကျွန်မကို ဒီလောက်မရူးသွပ်စေဖို့ပြောကြတယ်။ တစ်ဖက်ကလည်း ဒီချစ်လွန်းတဲ့စိတ်ကြောင့် သမီးပျက်စီးမှာကိုပူကြတယ်။ ကျွန်မအရာအားလုံးကို နားလည်ခံစားမိပါတယ်။

တကယ်တော့ သမီးအပေါ်ကျွန်မရဲ့ချစ်ခြင်းတွေဟာ ပိုပိုတိုးလာပေမဲ့ တစ်ဖက်ကတော့ ကျွန်မရဲ့အတ္တတွေကို တစ်ဖြည်းဖြည်းချင်းစီလျော့ချနေတာပါ။ အချိန်တန်တဲ့အခါ သမီးလွပ်လပ်မှုအပြည့်မရမှာစိုးတာ သမီး privacy တွေကိုစွက်ဖက်မိမှာ သမီးဘဝမှာကျွန်မကြောင့်ပြောဆိုခံရမှာတွေ သမီးကအမေသိမှာစိုးလို့ဆိုတဲ့ခေါင်းစဉ်အောက်ကနေလုပ်မိမှာတွေ ဒါတွေတစ်ခုမှမရှိရအောင် ကျွန်မသမီးရဲ့အသက်အရွယ်အလိုက်ကြိုးစားနေတာပါ။ သမီးကိုချစ်လေ နောက်မှာနေတတ်ဖို့ ပိုကြိုးစားလေပါပဲ။

ခုချိန်မှာ တစ်ညမှမခွဲနိုင်ပဲအတူတူဖက်အိပ်နေတာဟာ တစ်ချိန်ကျရင် “မေမေ မီးမီးအခန်းလေးလုပ်ပေးပါနော် ကုတင်လှလှလေးလိုချင်တယ်” ဆိုတဲ့အခါ ကျွန်မတွေဝေခြင်းမရှိ လုပ်ပေးနိုင်ဖို့ပါ။ အဲ့အချိန်ကျ သမီးနဲ့ခွဲအိပ်ရတဲ့ကျွန်မမှာကျန်မှာ သမီးနဲ့ဖက်အိပ်စဉ်က memory တွေပါပဲ။ ကျွန်မအဖွားကြီးဖြစ်တဲ့ထိသယ်သွားမဲ့ memory တွေမို့ပါ။ တစ်နေ့ကျရင် သမီးလေးအိမ်ထောင်ကျတဲ့အခါမှာ ကိုယ်နဲ့တစ်မိုးအောက်ထဲကနေ ခွဲခွာသွားမယ်ဆိုရင်တောင်မှ တွေဝေခြင်းမရှိ အတောက်ပဆုံးပြုံးနေနိုင်ဖို့ပါ။

ခုချိန်မှာ ဘယ်သွားသွားကလေးလက်ဆွဲနေတာပဲ ဘယ်သွားသွားခေါ်နေတာပဲဆိုတာတွေကလည်း အတူရှိခွင့်ရချိန်တိုင်းမှာ သမီးလက်ကိုဆုပ်ကိုင်ထားချင်တယ်။ သမီးမျက်နှာလေးကို ခေါင်းလှည့်ကြည့်တိုင်းတွေ့ချင်တယ်။ ဒါတွေကလည်း တစ်ချိန်ကျ သမီးလေးကြီးလာတာနဲ့အမျှ သူငယ်ချင်းတွေပိုပိုများလာမယ်။ လည်ပတ်စရာတွေ သင်တန်းတွေ သူငယ်ချင်းတွေချိန်းဆိုမှုတွေနဲ့ ကျွန်မက တစ်ဖြည်းဖြည်းကျန်ခဲ့ရတော့မယ်။ သမီးနဲ့အတူရှိချိန်တွေက ပိုပိုနည်းဖို့ပဲရှိတော့မယ်။ သမီးနောက်ကိုတစ်ချိန်လုံးလိုက်နေမဲ့အမေမဖြစ်ဖို့ သမီးမလိုက်ချင်ပဲအတင်းလိုက်ခေါ်နေတဲ့အမေမဖြစ်ဖို့ ခုအမေကိုလိုအပ်နေချိန်မှာ ကျွန်မအပြည့်အဝတန်ဖိုးရှိစွာ အသုံးချနေမိတာပဲ။ တစ်ပူးတွဲတွဲရှိနေမိတာဟာ တစ်ချိန်မှာ သမီးအပြင်သွားတိုင်းလိုက်တားနေမိတဲ့သူမျိုးမဖြစ်ချင်လို့ ပြီးတော့အမေမသိအောင်လိမ်ပြောတတ်တဲ့သမီးတစ်ယောက်မဖြစ်စေချင်လို့ နားလည်ပေးတဲ့အမေဖြစ်ချင်မိလို့ပါ။

နောက်ကလေးတစ်ယောက်မယူလို့ အတ္တကြီးတယ်ဆိုတာရဲ့စကားနောက်မှာတော့ ကျွန်မက ရူးသွပ်စွာကြိုးစားနေမိတာတွေအများကြီးရှိပါတယ်။ သမီးအတွက်အိမ်လှလှလေးတစ်လုံး လိုချင်တာမှန်သမျှရဖို့ ပညာသင်ရချိန်တောက်လျှောက်လိုအပ်တဲ့အပိုင်းကပံ့ပိုးနိုင်ဖို့ တက္ကသိုလ်တက်ချိန်ရောက်ရင်ကိုယ့်လို bus တိုးမစီးစေချင်လို့ တက်ချင်တဲ့ဘယ်သင်တန်းမဆိုပူစရာမလိုပဲတက်နိုင်စေဖို့ တစ်ချိန်ကျအိမ်ထောင်ပြုရင်တောင်မှ မိဘကိုနောက်ဆံတင်းသူမျိုးမဖြစ်ရစေဖို့ ဒါတွေအားလုံးက ကျွန်မရဲ့အရူးနိုင်ဆုံးရူးသွပ်မှုထက်ပိုပါတယ်။ ဖြစ်အောင်ကိုလုပ်ပေးမှာမို့ပါ။

မထင်မိဘူးမလား။

သမီးကိုချစ်တတ်လွန်းတဲ့အမေက သမီးကြီးလာတာနဲ့အမျှ နောက်မှာနေခဲ့ဖို့ကြိုးစားနေတယ်ဆိုတာ

သမီးရဲ့ဖြစ်တည်လာသမျှကို မစွက်ဖက် မဝေဖန်သူဖြစ်အောင် စိတ်ကိုပြင်ဆင်နေတယ်ဆိုတာ

သမီးကိုအတ္တနဲ့ဆွဲမထားပဲ ချစ်ခြင်းတွေနဲ့သာ ရပ်ကျန်နေခဲ့မယ်ဆိုတာ

သမီးကို ဒီလိုမျိုးချစ်ရတာပါ

ဘဝမှာ ဘာမှ ထပ်မလိုတော့အောင် ချစ်ရတာပါ

ကိုယ့်ဗိုက်ထဲကိုတိုးဝင်လာကတည်းက ကိုယ့်ကိုရွေးချယ်ပေးတဲ့သူမို့ ကျေးဇူးတင်လွန်းစွာချစ်ရတာပါ

ဘဝမှာကိုယ့်ကိုအချစ်ဆုံး အလိုအပ်ဆုံးသူလေးမို့ ချစ်ရတာပါ

ဒါကြောင့် ကျွန်မကိုစိတ်မပူပါနဲ့

ပြုံးပြီးကျန်ရစ်နိုင်ဖို့ ကြိုးစားရင်း ပိုတိုးချစ်နေတာမျိုးမို့ပါ။

​မေဂျူး
3.04.20 (Sunday)
သမီးလေး ၄နှစ် ၁၀လ ၁ရက်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *