Block တုံးလေးတွေစီရာဝယ်

ကလေးတစ်ယောက်ကို ပျိုးထောင်ရတာဟာ building blocks တွေစီရသလိုပါပဲ။ တစ်ဆင့်ချင်းစီ အဖေရယ် အမေရယ် ဟန်ချက်ညီညီ အပေးအယူညီညီ တသမတ်တည်းသောနည်းတွေကို ကျင့်သုံးပြီးစီမှ မြင့်လာလေ ပိုရုပ်လုံးပေါ်လာလေ ခိုင်ခံ့လေပါပဲ။ ကိုယ်ကတော့ ၆နှစ်ကျော်ကာလတစ်ခုလုံး စိတ်ရောကိုယ်ရောနှစ်ပြီး ဒီအတုံးလေးတွေစီနေခဲ့တာ။ ဒါပေမယ့် ကိုယ်ဘယ်လောက်ကြိုးစားခဲ့ပါစေ ကိုယ်ဘယ်လောက်ခိုင်ခံ့အောင်စီထားပါစေ ဘယ်လောက်မြင့်ပါစေ ဟန်ချက်ပျက်တာနဲ့ ဝုန်းခနဲပြိုကျမှာပါပဲ။

ကလေးနဲ့ပတ်သတ်လာရင် အဓိကပျိုးထောင်မယ့်သူ ကလေးရဲ့ decisionတွေကို ချမှတ်ပေးမယ့်သူဟာ ပိုပြီး wise ဖြစ်ဖို့လိုပါတယ်။ ကလေးတစ်ယောက်ကိုပျိုးထောင်တာ ကြားဖူးနားဝတွေ ကိုယ့်ကိုယ်ပိုင်ယူဆချက်တွေ ကိုယ်ရဲ့မှန်မှန်းမသိ မှားမှန်းမသိနိုင်တဲ့ဘဝနေထိုင်နည်းတွေနဲ့ယှဉ်ပြီး သွားပျိုးထောင်လို့မရပါဘူး။ ကလေးတစ်ယောက်ကို ကောင်းမွန်စွာကြီးပြင်းစေချင်ရင် အချိန်အများကြီးမရပါဘူး။ (၇)နှစ်ပဲရှိပါတယ်။ (၇)နှစ်ဟာ မြန်လွန်းလို့ ခုဆိုမီးငယ်လေးဟာ (၆)နှစ်ကိုတောင်ကျော်လာခဲ့ပါပြီ။ ကိုယ့်မှာအချိန်သိပ်မရှိတော့ဘူး။ ကိုယ်အလှပဆုံးစီခဲ့တဲ့ Block တုံးလေးကို ခုချိန်မှတော့ ယိုင်နဲ့ပြိုလဲသွားတာမခံနိုင်ပါဘူး။

ဒီနိုင်ငံမှာ ကလေးအမေဖြစ်ရတာဟာ တကယ်မလွယ်ကူပါဘူး။ ကိုယ်ဝန်စရှိကတည်းက တိုက်ပွဲပေါင်းစုံတိုက်ယူလာရပါတယ်။ ပတ်ဝန်းကျင် မိသားစု အိမ်ထောင်ဖက်ကိုတိုက်ရတာတစ်မျိုး ကိုယ့်စိတ်ကိုယ်ပြန်တိုက်ရတာတစ်မျိုးနဲ့ လုံးဝလုံးဝကို မလွယ်ကူပါဘူး။ tradition တွေ custom တွေ  superstition တွေကနေ ရုန်းထွက်ရတာ တအားပင်ပန်းရပါတယ်။ တော်ရုံစိတ်ခိုင်ရုံ အသိပညာဗဟုသုတရှိရုံနဲ့တောင်မရပါဘူး။ ဒါ့ကြောင့် အမျိုးသမီးတွေဟာ ကလေးမွေးပြီး ပိုပြီးစိတ်မာလာတာတွေ့ရမှာပါ။

ကလေးကကြီးလာလေ rules တွေနဲ့ပတ်သတ်ပြီး ပိုပြီးတော့ ကိုင်တွယ်ရတာ wise ဖြစ်ဖ်ို့လိုပါတယ်။ တစ်မိသားစုမှာ တစ်ယောက်တစ်မျိုးနဲ့ဆိုရင်တော့ အချိန်ယူစီခဲ့တဲ့ block တုံးတွေကို တစ်ယောက်တစ်တုံး ဆွဲချနေတာနဲ့တူပါလိမ့်မယ်။ အထူးသဖြင့် ကလေးအဖေ (သို့) ကလေးအမေက သတ်မှတ်ထားတဲ့ rule တွေကို ကလေးကိုကူညီပြီးဖောက်ဖျက်နေပြီဆိုရင်တော့ ဒါဟာ block တုံးတွေကို တစ်တုံးစီဆွဲချနေတာမဟုတ်ပဲ ခြေနဲ့ဖြတ်ကန်လိုက်တာနဲ့တူတူပါပဲ။

ဒါ့ကြောင့် ၆နှစ်ကျော် experience အရပြောပြချင်ပါတယ်။

ကလေးကိုဘယ်သူထိန်းကျောင်းမှာလဲ?

ကလေးကိစ္စဘယ်သူဦးဆောင်မှာလဲ?

ဘာမဆိုတိုင်ပင်ပြီးမှအတူဆုံးဖြတ်မှာလား?

ဒါတွေကို ကိုယ်ဝန်ဆောင်ကတည်းက ကြိုတင်ညှိနှိုင်းထားဖို့လိုပါတယ်။ လွယ်လွယ်လေး ပေါ့ပေါ့လေးမထင်လိုက်ပါနဲ့။ ကလေးကြီးလေ ပိုညှိရခက်လေပါပဲ။

No screen time before bed ဆိုရင် ဘယ်သူကမှ ကလေးငိုနေလို့ ကလေးငြိမ်ပြီးရော လာပြခွင့်မရှိပါဘူး။လူကြီးကဖုန်းသုံးပြီး ကလေးကိုမကြည့်နဲ့လုပ်မရပါဘူး။အဖေမရရင် အမေလည်းမရပါဘူး။ တစ်ခါလေးအတိုက်အခိုက်အခံလုပ်ပြီး ကလေးသိထားတဲ့ rule ကိုစဖျက်လိုက်တာနဲ့ building block ဟာ စယိုင်ပါတော့တယ်။ထမင်းမစားခင် snack မစားရဘူးဆို တစ်ကိုက်လေးပါဆိုတာတောင် မရပါဘူး။ကလေးတွေဟာ ကြီးလာလေ အသိဉာဏ်ဖွံံဖြိုးလာလေ ပိုပြီးတော့ smart ကျစွာ သိထားတဲ့ rule တွေကို တစ်မျိုးပြီးတစ်မျိုး စဖောက်ကြည့်ကြတော့တာပါပဲ။ ကလေးကဆိုးတာမဟုတ်ပါဘူး။ rule တွေကို စပြီး သူတို့ learning လုပ်နေကြတာမို့ပါ။ အရုပ်သစ်တစ်ခုရသလိုပေါ့။ ခြေလေးလှုပ်လို့ရလား ခေါင်းလေးလှုပ်လို့ရလား စပြီးစူးစမ်းတော့တာပါပဲ။

အချုပ်ဆိုရရင်တော့ ကိုယ့်ကလေးကို ကောင်းမွန်စွာကြီးပြင်းလာစေချင်ရင်တော့ ကိုယ်တို့ဟာ block တုံးတွေကို ကိုယ်တိုင်လည်း ညီအောင်စီဖို့လိုသလို ကူစီမယ့်တွဲဖက်ဟာလည်း rule တွေကို ကောင်းကောင်းနားလည်ထားဖို့လိုပါမယ်။ block တစ်တုံးချင်းစီမြင့်လာဖို့ ပေးဆပ်ရတာတွေဟာအများကြီးပါ။ သွားတိုက်ခြင်းအလေ့အထရဖို့ ၆နှစ်အချိန်ယူခဲ့ရပါတယ်။ ခုနောက်ပိုင်းမှ လူကြီးတွေမတိုက်ပေးတောင် သူသွားတိုက်ရမယ်ပြောတတ်လာတာပါ။ ဒါဟာ ဟိုး block အောက်ခြေကနေစလာခဲ့တဲ့ အလေ့အကျင့်တစ်ခုမို့ပါ။

နိဂုံးကတော့ ကလေးတစ်ယောက်ကို ငယ်စဉ်ကတည်းက စိတ်ရှည်လက်ရှည် အသေးစိတ်ကအစ လူရောစိတ်ရောပျိုးထောင်လာတဲ့သူကို အထင်မသေးပါနဲ့။ သူတို့လုပ်ခဲ့ရတာတွေကို မမေ့လိုက်ပါနဲ့။ မကူညီဘူးဆိုရင်တောင် သူမ စီထားတဲ့ block တုံးတွေကို ဖြတ်ကန်သူမဖြစ်ပါစေနဲ့။ It is not an easy journey ပါ။ ပိုပြီးတော့ wise ဖြစ်သူဆိုတာကလည်း ပညာပိုတတ် ပိုထက်မြက်တာကိုဆိုလိုတာမဟုတ်ပဲ ကလေးနဲ့ပတ်သတ်ပြီး ပိုလေ့လာစိတ်ရှည် သိသောတတ်သောသူကိုဆိုလိုတာပါ။

block တုံးလေးတွေ ဟန်ချက်ညီညီစီနိုင်ကြပါစေ။

မေဂျူး

08.09.21 (Wednesday)

သမီးလေး ၆နှစ် ၂လ ၆ရက်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *