ထုံးစံအတိုင်းအလုပ်ပိတ်ရက်ရှည်ပြီးတော့ အလုပ်ပြန်ဝင်ခါနီးတိုင်း သမီးလေးကိုကြိုပြောပြထားရတယ်။ နေ့စဉ်အမေနဲ့တူတူထနေရာက အမေမရှိပဲနိုးလာရင် အမေ့လက်တစ်ဖက်ကိုဆွဲဖက်စရာမရှိရင် သူမငိုမှာစိုးတယ်။
“ငယ်ရေ မနက် မေမေအလုပ်ပြန်သွားရတော့မယ်။ ငိုမနေနဲ့နော်။ မေမေ့ကိုတွေ့ချင်ရင်တော့ စောစောထပေါ့”
ညမအိပ်ခင် သူမကိုမှာထားပြီး တူတူအိပ်ယာဝင်ကြတယ်။
မနက်နိုးတာနဲ့ အိပ်နေတဲ့မျက်နှာသေးသေးဖူးဖူးလေးကိုကြည့်ပြီး သူမမုန့်ဘူးထဲထည့်ဖို့ အသီးပြင်နေတုန်း ခြေသံသေးသေးလေး ကိုယ့်နားကိုဒုန်းစိုင်းပြေးလာတယ်။ ကိုယ့်ပေါင်တစ်ဖက်ကိုလာဖက်တယ်။
“မီးလေးအစောကြီး ထတယ်”
“မေမေ့ကိုတွေ့ချင်လို့”
သူမကိုယ်လုံးသေးသေးလေးကိုပွေ့ဖက်ပြီး နမ်းပစ်လိုက်တယ်။ နောက်ထပ် ဘာအကြောင်းကြောင့်မှ စိတ်ဓာတ်မကျတော့ပဲ အလုပ်တွေအများကြီးကြိုးစားမဲ့ အဲဒီ့လူသေးသေးလေးကိုအမြဲပြည့်စုံအောင်ထားဖို့ကြိုးစားမဲ့ သိပ်ကိုသူ့ဘဝသူကျေနပ်နေတဲ့မိန်းမတစ်ယောက် ကိုယ်ဖြစ်သွားတော့တာပဲ။
“ပြောပြစရာမလိုပါဘူး သိပါတယ်မေမေ” စာလေးက ဝမ်းနည်းစေလား။ အဲ့စာလေးရေးလို့ ကိုယ့်ယောကျာ်းကကိုယ့်ကိုလာမဖက်သလို ကိုယ့်နဖူးကိုလာမနမ်းပါဘူး။ အဲ့ဒါတွေလည်းကိုယ်မလိုအပ်ဘူး။ ကိုယ့်ဘဝရဲ့အတောက်ပဆုံးကြယ်လေးက ကိုယ့်သမီးလေးအဖြစ် ကိုယ်ပိုင်ဆိုင်ထားရတယ်။ တစ်ချို့မေမေတွေအတွက် လာဖက်ထားပေးမဲ့သူ နဖူးကိုလာနမ်းမဲ့သူမရှိကြဘူး။ တောင်းပန်ပါတယ်။ ဒီစာကြောင်းလေးက နာကျင်စေခဲ့ရင်။ ဒီစာကြောင်းလေးက ကြေကွဲစေခဲ့ရင်။ ဒါကြောင့် ကိုယ်ပြောပြပါရစေ။ ကိုယ်တို့ဘဝရဲ့နာကျင်မှုတွေ ခံစားရတာတွေ အဲ့အရာတွေအားလုံး တစ်စစီပြန်ဆက်သွားပြီး အရင်ကထက်ပို၍တော်တဲ့ထက်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်လာစေတာ ကိုယ်တို့သားသမီးတွေပါ။ အိမ်ထောင်ဖက်ဟာ အားတစ်ခုတော့ဖြစ်စေလိမ့်မယ်။ ဒါပေမဲ့ အမြဲတမ်းတော့မဟုတ်ဘူးလို့ပြောပါရစေ။
ကိုယ်တို့ရင်ထဲမှာအမြဲတမ်းမွှေးနေမဲ့ပန်းလေးတွေက ကိုယ်တွေရဲ့ ကလေးလေးတွေလို့ပြောရင် ဘယ်မေမေကငြင်းမှာမဟုတ်ဘူး။
ကိုယ်တို့ဟာ မိခင်တဲ့လေ။ ပုံလဲကျချင်ရင်တောင် အကြိမ်ကြိမ်ကြိုးစားရပ်တည်ရင်း ငိုကြွေးချင်ရင်တောင် အကြိမ်ကြိမ်အားတင်းပြုံးရင်း ဘယ်လောက်နာကျင်နေပါစေ ဒီလူသေးသေးလေးတစ်ယောက်ရဲ့ မျက်လုံးလက်လက်လေးတွေက အဲ့စိတ်ဒုက္ခတွေငြိမ်းစေတယ်တဲ့။ အဲ့လူသေးသေးလေးရဲ့ လက်သေးသေးလေးနဲ့လာဖက်တဲ့အခါ တစ်ဘဝလုံးပြည့်စုံသွားတယ်တဲ့။ အဲ့လူသေးသေးက အနမ်းသေးသေးလေးပေးတဲ့အခါ တစ်ကမ္ဘာလုံး လင်းလက်သွားတယ်တဲ့။ အဲ့လူသေးသေးလေးက မေမေ့ကိုချစ်တယ်ပြောတဲ့အခါ တစ်ကမ္ဘာလုံးကိုမေ့သွားတယ်တဲ့။
ကိုယ်တွေရဲ့ အားအင်လေးတွေ
ကိုယ်တွေရဲ့ မျှော်လင့်ချက်လေးတွေ
ကိုယ်တွေရဲ့ စိတ်ဒုက္ခတွေကို ငြိမ်းစေသူလေးတွေ
ကိုယ်တွေရဲ့ အမောတွေကိုဖြေပေးသူလေးတွေ
ကိုယ်တွေရဲ့ စိတ်ဓာတ်ကိုမြှင့်တင်ပေးသူလေးတွေ
သူတို့လေးတွေကိုဖက်ထားရုံနဲ့ ဘာကိုမှထပ်မလိုတော့ဘူးဆိုတဲ့ ခံစားချက်မျိုးပေးစွမ်းနိုင်တဲ့ နတ်သား နတ်သမီးလေးတွေ။
အမြဲတမ်းဖက်ထားချင်မိတယ်။
နမ်းလို့မဝဘူး။
ချစ်တယ်ပြောလို့မဝဘူး။
ခုပဲကလေးလေးကိုဖက်ထားပြီး ချစ်တယ်လို့ပြော
ပြီးရင်း စိတ်ဓာတ်တွေ ဟိုးအပေါ်ထိဆွဲတင်လိုက်
ပြီးရင် သူတို့ကမ္ဘာကြီးအပြည့်စုံဆုံးဖြစ်အောင် မိခင်ဆိုတဲ့ ကိုယ်တွေ ကြိုးစားကြရအောင်ပါ။
ဖိုက်တင်းပါ။
ကိုယ်မဖက်ထားပေးတော့ဘူး။
ကလေးလေးတွေ ဖက်ထားပေးလိမ့်မယ်။
မေဂျူး
31.07.19 (Wed)
သမီးလေး ၄နှစ် ၂၉ရက်