ကျွန်မတို့ အရမ်းချစ်ရတဲ့ယောကျာ်းကို တစ်ချိန်မှာတော့ မိန်းမငယ်လေးတစ်ယောက်ဆီ ကြည်ကြည်နူးနူးနဲ့ အပိုင်ပေးလိုက်ရတဲ့ အခိုက်အတန့်ရှိတယ်။
ဒီ မိန်းမငယ်လေးဟာ ကျွန်မယောကျာ်းနားကျွန်မကပ်ရင် ကျွန်မကိုအော်တယ်။
ကျွန်မယောကျာ်း ကျွန်မကိုဖက်ထားရင် မျက်နှာကိုဆူပုတ်ပြီး နောက်ကနေကြည့်နေတယ်။
ဒီအခါ ကျွန်မယောကျာ်းဟာ ကျွန်မကို သူ့ရင်ခွင်ထဲကတွန်းထုတ် မိန်းမငယ်လေးကိုပြေးပွေ့လေရဲ့။
အဲဒီ့အခါ ကျွန်မချစ်သူရင်ခွင်ထဲက သူမက ကျွန်မကိုပြောင်ပြလေရဲ့။
ဒါကိုပဲကျွန်မက သဘောကျစွာ ရီမောမိတယ်။
အိပ်ယာဝင်ချိန်တွေဆို အရင်က ကျွန်မချစ်သူရဲ့လက်မောင်းက ကျွန်မခေါင်းအုံးပဲ။
မအိပ်ခင်ဖြစ်ပါစေ အိပ်ယာနိုးတဲ့အချိန်ဖြစ်ပါစေ ကျွန်မနဖူးကိုကြင်နာစွာနမ်းတဲ့ ကျွန်မယောကျာ်းရဲ့ အနမ်းတွေကိုလည်း ဒီမိန်းမငယ်လေးဟာ ခွဲဝေယူတယ်။
ကျွန်မချစ်ရတဲ့ယောကျာ်းရဲ့ လကုန်လစာရက်တွေကို ကျွန်မအပိုင်ရဖူးတယ်။
ကျွန်မလိုချင်တာဝယ်ပေး စားချင်တာကျွေး ရလာတဲ့ပိုက်ဆံတွေအကုန် ကျွန်မကိုချစ်ခင်စွာနဲ့ပေးခဲ့ဖူးတယ်။
ဒါပေမဲ့ ဒီမိန်းမငယ်လေးရောက်လာတာနဲ့ သူမလိုချင်တာ စားချင်တာအပြင် သူရှာသမျှတွေကို ကျေနပ်စွာနဲ့ သူမလက်ထဲထည့်ပေးလေရဲ့။
ပြီးတော့အကြာကြီး ပြုံးပြုံးကြီးနဲ့ ကြည့်နေပြန်တယ်။
တစ်ဖြည်းဖြည်းနဲ့ ဒီမိန်းငယ်လေးက ကျွန်မချစ်ရတဲ့ယောကျာ်းရဲ့ နံပါတ်တစ် အရာရာဖြစ်လာတယ်။
သူ့ရဲ့အလုပ်လုပ်ရခြင်း ပျော်ရွင်ခြင်း အရာအားလုံးဟာ ဒီမိန်းမငယ်လေးကြောင့်ဖြစ်လာခဲ့တယ်။
ဒါကိုတောင်မှ ကျွန်မဟာ သိပ်ကိုပျော်ရွှင်ကျေနပ်မိတာပဲတဲ့။
သူမနဲ့ကျွန်မ ဘယ်သူ့ပိုချစ်လဲမေးတိုင်း သူမလေးကိုလို့ဖြေတာကိုပဲ ကျွန်မပိုကြိုက်တယ်။
နောက်တော့ ဘယ်ချိန်မေးမေး သူ့ဘဝမှာအချစ်ဆုံးက သူမပါတဲ့။
ဒါကိုပဲ ကျွန်မဟာ ပျော်မဆုံးနိုင်ဘူးရှိရတယ်။
ကျွန်မချစ်ရတဲ့ယောကျာ်းမှာ သူ့ကမ္ဘာကြီးတစ်ခုရှိတယ်။
အဲ့ကမ္ဘာကြီးထဲမှာ ကျွန်မရယ် ထိုမိန်းမငယ်လေးရယ်ရှိတယ်။
ကျွန်မရဲ့ပိုင်ဆိုင်ရတဲ့နေရာကိုတောင် မိန်းမငယ်လေးအတွက် ကျွန်မက ဖယ်ထားပေးတာကြာပြီတဲ့လေ။
ဒီလိုနဲ့ ဒီမိန်းမငယ်လေးဟာ အရာရာမှာ နံပါတ်တစ်ဖြစ်လာတာကိုပဲ ကျွန်မရော ကျွန်မချစ်ရတဲ့ယောကျာ်းရောဟာ ကျေနပ်ဂုဏ်ယူနေပြန်သတဲ့လေ။
(သမီးလေးမွေးကာစက ကျွန်မယောကျာ်းကိုမေ့အောင် ကျွန်မတစ်ကမ္ဘာလုံး သမီးတစ်ယောက်နဲ့တင်ပြည့်စုံနေခဲ့ဖူးတယ်။ ခုတော့ သူမဖေဖေရဲ့ကမ္ဘာကိုပါ ပိုင်သွားလေရဲ့လေ။ အရင်ကတော့ ကိုယ်ချင်းမစာတတ်ခဲ့ပဲ ယောကျာ်းဆိုတာ မေ့ကိုထားခဲ့မိတာ။ ခုတော့ ဒါဟာဘယ်လိုမျိုးပါလိမ့်ဆိုတာ ကိုယ်တိုင်ခံစားဖူးရပြီ။ သမီးလေးတွေဟာ ဖေဖေတွေရဲ့ကမ္ဘာပါပဲ။ အဖေကိုသိပ်ချစ်တဲ့ သမီးလေးအတွက် အမှတ်တရရေးလိုက်ပါတယ်။)
မေဂျူး
July 26,2020 (Sunday)
သမီးလေး ၅နှစ် ၂၄ရက်