မေမေတွေရေ
အရာအားလုံးကို အနစ်နာခံဖို့ပဲ အမြဲမတွေးပါနဲ့။ အဆုံးသတ်ကျ ထွက်လာတဲ့အဖြေဟာ ကိုယ်ထင်ထားတဲ့အတိုင်းဖြစ်မလာတဲ့အခါနာကျင်ရတာ ကိုယ်ပဲဖြစ်နေမှာမို့လို့ပါပဲ။ ဘယ်သူ့ကြောင့် ငါ့မှာတော့ ဘယ်လိုနေပေးခဲ့ရတာ ဘာတွေစွန့်လွှတ်ပေးရတာလို့ထုတ်ပြောဖြစ်ရင်တောင် စကားအဖြစ်နဲ့ လေထဲမှာပဲပျောက်ဆုံးကုန်မှာ ကိုယ်တွေတစ်ချိန်က သိပ်အနစ်နာခံမှုတွေပါပဲ။ တန်ပါရဲ့လားနော်။
ဒါကြောင့် ကိုယ်လုပ်မယ်လို့ဆုံးဖြတ်ထားတဲ့အရာတစ်ခုဟာ ကိုယ့်ဘာသာဆုံးဖြတ်တာပဲ ဖြစ်နေပါစေ။ ဘယ်သူဘာအတွက် ဘယ်သူတော့ပိုအဆင်ပြေပါစေလို့ ဘယ်တော့မှ အသွားအပြန်မသေချာတဲ့ရလဒ်တစ်ခုအပေါ်မူတည်ပြီး မဆုံးဖြတ်ပါနဲ့။ ဒီလဖိနပ်မဝယ်ဖြစ်တာ ကိုယ်တကယ်မလိုအပ်သေးလို့ပဲဖြစ်ပါစေ။ ငါ့ယောကျာ်းမျက်မှန်ဝယ်ဖို့ ငါဖိနပ်မဝယ်သေးပါဘူးမဖြစ်ပါစေနဲ့။ သူကတော့ ဖိနပ်မကလို့ အဝတ်အစားတွေပါဝယ်လာမှ ငါကျတော့ဖိနပ်တောင်အစုတ်ပဲစီးရတယ် နင်ကတော့… ဆိုတဲ့ အစချီတဲ့စကားတွေဆိုရမှာ သိပ်ပင်ပန်းတယ်မဟုတ်လား။ လုပ်လိုက်သမျှ ကိုယ်လုပ်ချင်လို့ပဲဆို အပြစ်တင်မိတာတွေ စိတ်ညစ်ရတာတွေလျော့လာပါလိမ့်မယ်။
သားသမီးတွေကိုလဲ ထိုနည်း၎င်းပါပဲ။ မျှော်လင့်ချက်တွေအရမ်းမထားပါနဲ့။ ဒီအချက်ဟာ ကိုယ်အမြဲဆင်ခြင်နေရတဲ့ အတွေးတွေကို ပြောင်းပြန်ယူနိုင်တဲ့အထိတွေးခဲ့ရတဲ့အချက်ပါပဲ။ ကိုယ်ဟာအလုပ်လုပ်ရတဲ့မိခင်မို့ ငါ့မှာတော့… နဲ့အစချီတာတွေ ပြောရတာ ကုန်မှာမဟုတ်ဘူး.. ငါ့မှာတော့ ပင်ပင်ပန်းပန်းအလုပ်လုပ်ရတာ နင်ကတော့ဆိုးတယ် ဂျစ်တယ် တိုင်သံကြားရတယ် ကျောင်းမတက်ချင်ဘူး အစချီတာတွေနဲ့အသားကျလာရင်း နောက်ဆို စာမတော်လို့/ ချော်လဲပြီး ပိုက်ဆံကျပျောက်တာကအစ ဆူတတ်တဲ့အမေ ဆူခံရတဲ့ကလေးဖြစ်လာတော့မှာ မလွဲမသွေပါပဲ။ ဒါကြောင့် ခံယူချက်ကို အခိုင်အမာတည်ဆောက်ထားတယ်။ အလုပ်လုပ်နေခြင်းသည် ကိုယ်လုပ်ချင်လို့။ ဒီလိုစိတ်ထဲက မှတ်ယူတဲ့အခါ သိသိသာသာ ကလေးအပေါ်မှာ အပြစ်မြင်တာ အလုပ်က stress တွေပိတဲ့အခါ ကလေးကိုမဲတာတွေ လုံးဝမရှိတော့ပါဘူး။ ကလေးကျောင်းမတက်ချင်တာဟာ ကလေးဘဘာဝမို့ ဂျီတာဟာ ကလေးတိုင်းလုပ်နေတာလို့ပဲ မြင်တတ် ခံစားပေးတတ်လာတယ်။ ဒီလိုတွေးတတ်မှ ကိုယ်အလုပ်လုပ်လို့ပင်ပန်းရတာနဲ့ ကလေးဘဘာဝဂျစ်ကြတာတွေဟာ လားလားမှမဆိုင်ကြောင်း မြင်တတ်လာပါလိမ့်မယ်။
အိမ်မှာနေဖို့ရွေးချယ်တဲ့မေမေတွေ အိမ်မှာနေရင်းအလုပ်ပါလုပ်ရတဲ့မေမေတွေ ကိုယ့်ဘဝရွေးချယ်မှုဟာ ကိုယ်ရွေးချယ်ထားတာလို့ပဲ လက်ခံကြည့်ပါ။ သုံးသပ်ဆင်ခြင်ကြည့်ပါ။ စိတ်ညစ်ရတာ stress ပိရတာ အတော်ရာခိုင်နှုန်းနည်းလာပါလိမ့်မယ်။ တစ်ခါတစ်လေကျွန်မတို့ဟာ ဘာမှမဆိုင်တာတွေကိုတွဲမြင်ပြီး ဘေးချင်းကပ်ရပ်ရှိတာတွေကိုတော့ မမြင်နိုင်ကြဘူး။ ကျွန်မတို့ပျော်ရွှင်မှုကို ကျွန်မတို့ပတ်ဝန်းကျင်မှာရှာလို့မရပါဘူး။ ခင်ပွန်းဆီမှာ မိသားစုဆီမှာ သားသမီးဆီမှာ စသဖြင့် ပျော်ရွှင်မှုဖြစ်ဖို့ မသေချာတဲ့နေရာတွေမှာ အသိုက်ဖွဲ့တတ်ကြတယ်။ တကယ်တော့ပျော်ရွှင်မှုဆိုတာ ကိုယ့်ရင်ထဲမှာပဲရှိပါတယ်။ ကိုယ့်ရင်ထဲကပဲလာတာပါ။ ခုနကဆိုတဲ့ ကိုယ်တွေပျော်ရွှင်ဖို့ ခြေကုပ်ယူထားတဲ့သူတွေအကုန်လုံးဟာ တကယ်တော့ ကိုယ်ပျော်ရွှင်နေမှ သူတို့ပျော်ရွှင်ကြရသူတွေပါ။ ဘာလို့လဲဆိုတော့ “မိခင်” ဆိုတာ the centre of the family မဟုတ်လား။ မိခင်ပျော်ရွှင်နေချိန်ဆို ကလေးချော်လဲရင်လဲ တူတူရီမိမှာပဲ။ ကလေးထမင်းမစားလဲ လာ စားချင်တာသွားစားကြမယ်လုပ်မိမှာပဲ။ အရက်မူးနေတဲ့ယောကျာ်းလဲ ချစ်ဖို့ကောင်းနေမှာပဲ။ ပျော်ရွှင်မှုကို အထားအသိုမှန်တတ်ဖို့သာ လိုတာပါ။
အခု ကိုယ့်မှာ ဘာလိုအပ်နေသေးလဲ။ လကုန်ပေးရမှာ ကလေးရဲ့ ဘာညာသာရကာ အကုန်မေ့ထားပါ။ ကိုယ်လိုချင်တာကို ဝယ်ဖြစ်မှာလား။ ဝယ်ဖြစ်မယ်ဆို ဝယ်ချလိုက်ပါ။ မဝယ်ဖြစ်သေးဘူးဆိုရင်လည်း ဘယ်သူဘယ်ဝါဘာလုပ်ရဦးမှာဆိုတဲ့ ခေါင်းစဉ်တပ်တတ်တာကို ဖျောက်လိုက်ပါ။ ငါတကယ်မလိုချင်သေးလို့လို့ပြောင်းတွေးပါ။ ပိုကောင်းတဲ့အနာဂတ်ကို ကိုယ့်ကလေးတွေဆီ လက်ဆင့်ကမ်းချင်ရင် ကိုယ့်အနာဂတ်ကို မှိန်ချထားလို့မရပါဘူး။ ကိုယ့်အနာဂတ်ဟာ ကိုယ့်ကလေးအနာဂတ်နဲ့ တွဲရက်မဟုတ်လား။ ကိုယ်တိုင်ကမလင်းပဲ ကိုယ့်ကလေးကို အလင်းပေးလို့မရပါဘူး။
ပျော်ရွှင်တတ်ကြပါစေ
မေဂျူး
၅.၉.၁၉ (ကြာသာပတေး)
သမီးလေး ၄နှစ် ၂လ ၃ရက်

