မနေ့ညကသမီးငယ်ကမေးတယ်။ မေမေ မီးမီးကိုမဆူဘူးလား တဲ့။ ဟင် ဘာလို့ဆူရမှာလဲကလေးရယ် မီးမီးက ဒီလောက်လိမ္မာတာလို့။ ဒါပေမဲ့ သမီးလေးဘာလို့ဒီလိုမေးတယ်ဆိုတာ ကိုယ်ရင်ထဲကနေသိနေတယ်။ ကိုယ် ကျဉ်ခနဲနာကျင်ရတယ်။ ကိုယ့်အသဲဟာ ကွဲရှသွားတယ်။
တောင်းပန်ပါတယ်ကလေးရယ်။ စိတ်ရှုပ်မှုတွေကြားထဲကနေ တအားစိတ်ညစ်တဲ့အခါ လွတ်ထွက်သွားမိတဲ့စကားတွေဟာ သမီးကိုဆူမိတာတွေဖြစ်ခဲ့လို့။ မေမေ့စိတ်တွေကြည်လင်နေတဲ့အချိန်ဆို တော်ရုံသမီးအပြုအမူတွေကို ထိုင်ရီနေတဲ့မေမေဟာ စိတ်ဓာတ်တွေကျနေတဲ့အချိန်မှာတော့ သမီးကိုဆူတတ်တဲ့မေမေဖြစ်ခဲ့ပြီ။
အသားမကျပါရစေနဲ့။ ဒီလိုစိတ်တိုရင် ဆူတတ်နေတဲ့အမေတစ်ယောက်အဖြစ်နဲ့ မေမေအသားမကျသွားပါရစေနဲ့။ သမီးကလည်း မေမေ့ကိုဆူတတ်တဲ့အမေတစ်ယောက်အနေနဲ့ မြင်တတ်တာကို အသားမကျသွားပါရစေနဲ့။
မေမေကအမြဲပဲ သမီးအတွက်ကြိုးစားနေတယ်လို့ ခေါင်းစဉ်တွေတပ်ထားတယ်။ ဒါပေမဲ့ သမီးအတွက်ကြိုးစားတယ်ဆိုရင် သမီးရဲ့နေ့စဉ် သမီးရဲ့တစ်နေ့တာကိုတောင်မှ စိတ်ပျက်ဝမ်းနည်းစေတယ်ဆိုရင် မေမေဟာ သေချာမကြိုးစားဖြစ်သေးဘူးလို့ပဲခံယူတယ်။ သမီးရဲ့ပျော်ရွှင်မှုထက် ဘယ်ဟာကများအရေးကြီးဦးမှာလဲကွယ်။ တစ်ခါတစ်ခါ မေမေ့ရဲ့နှလုံးသားဟာ ဦးနှောက်နဲ့ချိတ်ဆက်မှုလွတ်သွားတိုင်း မေမေဟာ အရူးတစ်ယောက်လိုပြုမူမိပါတယ်။
မေမေမှားသွားခဲ့တယ်လို့ သိတိုင်း သမီးကိုတောင်းပန်မိတဲ့အတွက်တော့ မေမေသိပ်ကို ဂုဏ်ယူမိနေသေးတယ်။ မေမေက ငါမိဘဆိုတဲ့အစွဲနဲ့ မေမေလုပ်သမျှမှန်တယ်လို့ မခံယူထားသူမို့ မေမေမှားတိုင်း အခုလဲ တောင်းပန်မယ် သမီးလေးကြီးသွားတဲ့အခါမှာလည်း ခုလိုပြုမူနေမိဦးမှာပဲ။ သမီးရဲ့နာကျင်မှုတွေကို အမြဲပြေလျော့စေချင်တဲ့သူဟာ မေမေရယ်ပါလေ။
ဒါကြောင့် မေမေကြိုးစားနေပါတယ်။ မှားတိုင်းတောင်းပန်တာထက် အမှားနည်းလာအောင် မေမေဆင်ခြင်ပါ့မယ်။ ခုချိန်မှာ သမီးလေးက စိတ်ဆိုးရင် အလိုမကျရင် စိတ်ကောက်ရင် မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျပြီး ငို အငိုတိတ်တာနဲ့ ဖြစ်ခဲ့သမျှတွေအကုန်မေ့သွားတဲ့အရွယ်ပေမဲ့ တစ်ဖြည်းဖြည်းနဲ့ နာကျင်မှုဖြစ်ရပ်တွေကို မှတ်ထားတတ်တဲ့အရွယ်ရောက်လာတော့မယ်။ ပြန်တွေးလိုက်တိုင်း မေမေကငါ့ကိုပြောရက်လိုက်တာ ဆူရက်လိုက်တာလို့ ဝမ်းနည်းတတ်တဲ့အရွယ်ရောက်လာတော့မယ်။ မေမေသိပ်ကြောက်ပါတယ်။ သမီးရဲ့ အတွေးထဲမှာ တစ်စက္ကန့်တောင် မေမေကနားမလည်ဘူးဆိုတာကို တွေးမိမှာသိပ်ကြောက်ပါတယ်။
ဒါကြောင့် ဒီနေ့ကစ မေမေအများကြီးဆင်ခြင်ပါ့မယ်။ စိတ်ရှည်ပါ့မယ်။ မလုပ်ပေးနိုင်သေးတဲ့အရာတွေထက် လုပ်ပေးနိုင်တဲ့အရာတွေကို ပိုပြီးပြည့်စုံအောင် အနာဂတ်အတွက်တင်မကပဲ လက်ရှိတိုင်းမှာပျော်ရွှင်ရအောင် အများကြီးကြိုးစားပါမယ်။ မေမေလည်း အသဲတွေ ခဏခဏထပ်မကွဲချင်ဘူး။ သမီးကိုဆူလိုက်ရင် မေမေ့အသဲဟာ နှစ်ဆပိုနာပါတယ်။ ဆူတတ်တဲ့မေမေဆိုတဲ့ သမီးအသိထဲကပုံရိပ်လေးကို မေမေပြန်ဖျောက်ပေးပါ့မယ်နော်။သမီးကလိမ္မာပြီးသားမို့ မေမေကလိမ္မာတဲ့မေမေဖြစ်ဖို့ ပိုပြီးကြိုးစားရမှာပေါ့။
မေမေ
27.09.19 (Friday)
သမီးလေး ၄နှစ် ၂လ ၂၀ရက်

