သားကလေးကိုမမွေးခင်က အရာရာဘာလိုလို အိမ်ကသူတွေ သူငယ်ချင်းတွေကို ကြုံရင်ဝယ်ပေးပါ အမှာပါးတယ်။ ဒါမှမဟုတ် ကလေးအဖေကိုပဲ ဟိုဟာသွားဝယ်ပေး ဒီဟာသွားဝယ်ပေးလုပ်တယ်။ သမီးလေးက ၆နှစ်ကျော်လာတော့ ကိုယ်အေးအေးဆေးဆေးနေလာနိုင်ပြီလေ။ ဒီတော့ ကိုယ့်ဘာသာ နားနားနေနေ အေးဆေးနေရတာကိုပိုကြိုက်လာတယ်။
ဒါပေမယ့် သားကလေးကိုမွေးပြီးတော့ ကိုယ့်ရဲ့အချိန်အတော်များများဟာ သားကလေးကိုနို့တိုက် ရှူးပေါက်အီးပါလဲ ချော့သိပ် ကိုယ်ပါလိုက်အိပ်ထဲ တဝဲလည်လည်ဖြစ်နေတော့တယ်။ တစ်ခုခုလိုလို့ အိမ်နားက Mall မှာသွားဝယ်ချင်ရင်တောင် နင်နားပါဆိုပြီး အကုန်လုံးကတားတယ်။ သူတို့ပဲဝယ်ပေးကြတယ်။ မီးနေသည်မို့ ကလေးနို့တိုက် အိပ်ရေးတွေပျက်လို့ ညှာတာကြတာသိပါတယ်။ ဒါပေမယ့် ကျွန်မကိုယ်တိုင်အပြင်ထွက်ချင်မိတယ်။
ကလေးအဖေကို ကလေးအိပ်တုန်း ပစ္စည်းသွားဝယ်ရအောင်လို့ပြောတော့ ရတယ် ငါပဲသွားမယ်တဲ့လေ။ “နင် ငါ့ကိုခြင်ထောင်ထဲပဲပိတ်ထားတော့မှာလား” လို့ ပါးစပ်ကလွှတ်ခနဲထွက်သွားမိတယ်။ သားကလေးနဲ့ လုံးလည်ချာလည်လိုက်နေတာကို ကျွန်မ ပင်ပန်းတယ်မထင်ပါဘူး။ စိတ်လည်းမညစ်ဘူး။ သားကလေးဗိုက်ထဲစရောက်တာသိကတည်းက သားကလေးမွေးပြီးလို့ ၃လပြည့်ရင် အလုပ်ပြန်ဝင်ရမှာကိုတွေးပြီး ကြိုအသဲကွဲနေခဲ့တာ။ သမီးလေးတုန်းကခံစားဖူးတော့ သားကလေးနဲ့ကျ အတူရှိခွင့်ရတဲ့စက္ကန့်တိုင်းကို တန်ဖိုးထားနေတာပါ။ ဒါပေမယ့် ဒီလိုစကားကျွန်မပါးစပ်က ဘာလို့ထွက်သွားတာလဲ။
ဒီလိုပြောမိလို့ ကျွန်မက သားကလေးကို မချစ်လို့မဟုတ်ပါဘူး။အမေမပီသတာလည်းမဟုတ်ဘူး။ ကလေးမွေးပြီးကာစမှာ ကိုယ့်ကိုကိုယ် လူသားတစ်ယောက်ဆိုတာမေ့တဲ့အထိ သားကလေးနားစက်ရုပ်လိုနေနေမိတာ။ အပြင်လောကမသိ သာမန်သွားလာလှုပ်ရှားနေမှုတွေမသိ လူလိုသူလိုဝတ်စားခြင်းတွေမေ့လို့ တီရှပ်ပွပွနဲ့ဘောင်းဘီအပွကြီးဝတ် ဆံပင်တွေတမျှင်မှမကျအောင်စည်းထားရင်း ကိုယ့်ကိုကိုယ်မေ့တဲ့အထိ သားကလေးကိုချစ်ခြင်းတွေနဲ့ပြည့်နှက်နေခဲ့တာပါ။
ဒါပေမယ့်လည်း တစ်ခါမှတစ်လေလေး I want to feel who I am ကိုယ့်ကိုကိုယ်ပြန်ရှာကြည့်ချင်တယ်။ လှမယ်ထင်တာလေးတွေဝတ်ပြီး လူတွေကြားထဲမှာ ငါလည်းလူတစ်ယောက်ဆိုတာကို ခံစားကြည့်ချင်မိတာပါ။ ခဏပါပဲ။ ထိုခဏတာကိုတောင်မှ ဖုန်းကိုတစ်ကြည့်ကြည့်နဲ့ သားနိုးပြီလို့ အိမ်ကဖုန်းလှမ်းဆက်တာကိုမျှော်နေသေးတာ။ ပြီးရင် ၁၀မိနစ်တောင်မကြာတဲ့အိမ်ကို ဒုန်းစိုင်းပြေး သားကလေးကို မေမေဘယ်သွားတယ်ဆိုတာရှင်းပြနေမိသေးတာ။ အဲ့ခဏတာလေးပြီးတာနဲ့ ရက်ပေါင်းများစွာ ကျွန်မသားကလေးနားက တစ်ဖဝါးမှမခွာပဲ ရှိနေပြန်ဦးမှာလေ။ ခဏတာလေးက တကယ်ကိုလုံလောက်ပါတယ်။
ဒီနေ့သားကလေးရဲ့ ဒိုက်ဘာသွားဝယ်ရင်း စဉ်းစားမိတာလေးကို ဘဝတူကလေးမီးဖွားပြီးစမေမေတွေအတွက်ရေးပေးလိုက်တာပါ။ သူမတို့ကို နားလည်ပေးပါနော်။ အထူးသဖြင့် ခင်ပွန်းတွေက နားလည်ပေးပါ။ ကလေးကိုဘယ်လောက်ချစ်ချစ် ကလေးနားကဘယ်လောက်မခွာပေမယ့် သူမတို့က လုံးဝကို totally different world ထဲကိုရောက်သွားတာပါ။ သူမတို့နေရာကနေ ဝင်ခံစားကြည့်ပေးပါ။ ပုံမှန်လှုပ်ရှားသွားလာနေတဲ့အမျိုးသမီးဘဝကနေ နေ့ရောညရော အချိန်တွေပါမေ့ပြီး ကလေးလေးကိုပဲ ချစ်ခင်ယုယဂရုစိုက်နေကြတာ။ သူမတို့ကိုကျေးဇူးတင်ပါ။ ဒီကလေးလေးတွေအတွက် အရာအားလုံးကို မေ့ပစ်လိုက်ပြီး ဒီကလေးလေးကိုသာ သူမတို့ဘဝလို့သတ်မှတ်ပြီး နေထိုင်ပေးကြတာဟာ တာဝန်ဝတ္တရားကြောင့်မဟုတ်ပဲ သူမတို့ရဲ့မိခင်စိတ်ကြောင့်ပါ။ သူမတို့ရဲ့ကျန်ရှိနေတဲ့အချိန်တွေမှာလည်း စားလည်းဒီစိတ် သွားလည်းဒီစိတ်တွေနဲ့ဖြတ်သန်းသွားကြမယ့်သူမတို့ တစ်ခါတစ်လေလည်း lonely ဖြစ်တာ ကိုယ့်ကိုကိုယ်ပျောက်ဆုံးသွားတတ်တာလေးတွေကို စာနာပေးပါနော်။ ဒါ သူမတို့မိခင်မပီသတာမဟုတ်ပဲ ပျော်ရွှင်တဲ့မိခင်တစ်ယောက်ဖြစ်ဖို့ အားယူရတဲ့အရာတွေလို့သတ်မှတ်ပေးပြီး နားလည်ပေးပါနော်။
မိခင်တိုင်းကိုစာနာလျှက်
မေဂျူး
18.01.2022 (Tue)
သမီးလေး ၆နှစ် ၆လ ၁၇ရက်
သားကလေး ၁လ ၆ရက်
(သမီးလေးရော သားကလေးရောကို သိပ်ကိုချစ်တာပါ
)

