ချစ်တတ်တဲ့စိတ်

ချစ်တတ်တဲ့စိတ်

မနေ့က ကျွန်မဆံပင်တွေသွားကောက်လာတယ်။ ဘယ်တုန်းကမှ ဆံပင်တွေကောက်လေ့မရှိတဲ့ကျွန်မ တုံ့ဆိုင်းနေခြင်း နှမြောခြင်းမရှိပဲ ဆံပင်တွေကောက်ပစ်လိုက်တယ်။ ဒါဟာ ဘာကြောင့်လဲဆို ကျွန်မသမီးလေး ၄နှစ်သမီးက လုပ်ခိုင်းလို့ပါပဲ။ရီစရာလည်းကောင်းမယ် ကလေးစကားများ အရေးတယူနဲ့လို့ဆိုချင်ဆိုမယ်။ ကျွန်မအတွက်တော့ သိပ်ကိုအဓိပ္ပာယ်ရှိတဲ့ mission တစ်ခုပြီးမြောက်သွားသလိုပါပဲ။

သမီးလေးမှာ မွေးဆံပင်ခွေခွေလေးတွေရှိတယ်။ မေမေဆံပင်ကောက်ပါလို့ သူပြောပြောနေတာကြာပြီ။ ဆံပင်ကိုဖြောင့်စက်နဲ့ဆွဲရင်တောင် ဆံပင်ကောက်ပါဆိုပဲ ပြောနေတတ်တယ်။ မနေ့ကတော့ ပိတ်ရက်လည်းဖြစ် သူလေးကိုလည်းကစားကွင်းပို့ပြီး ညနေရောက်မှ မေမေဆံပင်သွားကောက်ဦးမယ်ပြောတဲ့အခါ “ရေး”တဲ့ သူထခုန်တယ်။ အိမ်ကဘိုးဘိုးဘွားဘွားနဲ့ ဆော့ရင်းနေခဲ့တယ်။ သူလိုက်ရင် ပျင်းမှာစိုးလို့ဆိုတာကို လက်ခံပြီးနေခဲ့တယ်။ အမေကိုဖက်နမ်း တဝကြီးဖက်ပြီးမှ ပေးသွားတယ်။

ဆံပင်ကောက်ပြီး ပြန်လာတဲ့အခါ သူ့မျက်နှာက ပျော်ရွှင်ရယ်မြူးရိပ်လေး တကယ်အမှတ်တရပဲ။ သူတကယ်ပျော်နေတာ။ သူ့မေမေနဲ့သူနဲ့ဆံပင်ဆင်တူဖြစ်ရပြီဆိုပြီး တစ်အိမ်လုံးကို ဘယ်သူကဘယ်သူလဲ ခွဲတတ်ရဲ့လား လိုက်မေးနေတာ အရမ်းရီရတာပဲ၊။

ကျွန်မပြောချင်တာက အခုမှစမှာပါ။ ဒီလူသားလေးတွေကို ကျွန်မတို့ကမွေးထုတ်လိုက်ပေမဲ့ သူတို့က သူတို့ဘာသာကိုယ်ပိုင်ဆန္ဒတွေနဲ့ ကြီးပြင်းလာကြမှာပါ။ အတ္တအကြီးဆုံးက မိခင်တွေလို့ထင်ရပေမဲ့ တကယ်တော့အတ္တအနည်းဆုံးက မိခင်တွေလို့ ကျွန်မကဆိုချင်တယ်။ ကျွန်မတို့ကိုယ်ပိုင်ဆန္ဒရယ်ဆိုတာ မရှိစလောက်ပဲ။ သူတို့ဆန္ဒဟာ ကျွန်မတို့ဆန္ဒပဲ။ သူတို့ပျော်ရွှင်မှုဟာ ကျွန်မတို့ပျော်ရွှင်မှုပဲ။ သူတို့ရွေးချယ်ရာဟာ ကျွန်မတို့နှစ်သက်ရာပဲ။

ဒါပေမဲ့အချိန်ကာလတွေ ကြာလာတဲ့အခါ ကျွန်မတို့အတ္တတွေက နေရာပြန်ယူလာကြတယ်။ ဒါကိုကျွန်မသတိထားမိတယ်။ ကလေးလေး ၂နှစ်သမီးနဲ့ ခု၄နှစ်သမီးမှာတောင် ကျွန်မတို့ ချစ်ပုံမတူကြတော့ဘူး။ အချစ်လျော့တာကိုဆိုလိုတာမဟုတ်ဘူး။ သားသမီးချစ်စိတ်ကတော့ ဘယ်တော့မှလျော့တယ်မရှိ အမြဲပြည့်လျှံလျှက်ပါပဲ။ ချစ်တဲ့ပုံတွေတော့ကွဲလာတယ်။ ဒါကျွန်မကိုယ်တွေ့ပဲ။

သူငယ်ငယ်ကလို မေမေထိုင်လို့ မပီကလာ ပီကလာပြောသံကို ချစ်စနိုးနဲ့ကြည့်ပြီး ထိုင်ပါပြီရှင်လို့ မပြုမူမိတော့ဘူး။ အဲဒီ့အစား ငါ့ဘာသာထိုင်ချင်သလိုထိုင်မှာပေါ့ဆိုတာမျိုး တစ်ခါတစ်လေပြုမူမိလာပြီ။

အပြင်သွားလို့ သူဝတ်ခိုင်းတာမဝတ်လို့ ငိုတဲ့အခါရှိမယ်။ ငယ်ငယ်ကတော့ သူရွေးပေးတာကိုဝတ်ခဲ့တာ ဂုဏ်ယူခဲ့တာ ကိုယ်မဟုတ်သလိုပဲ။

မေမေဒါစား မေမေဒါယူ မေမေဒါလုပ်ဆိုတာတွေ ကျွန်မတို့ငြင်းဆိုတတ်လာခဲ့တယ်။ ကျွန်မတို့လည်း လူပဲလေ။ ကိုယ်ပိုင်အတ္တလေးတွေ အချိန်တန်တော့ ပြန်ရောက်လာခဲ့တယ်။ ဒါဟာ ကျွန်မတို့ဆိုးလို့မဟုတ်ပါဘူး။ ဒါဟာ ကျွန်မတို့ မိခင်ကောင်းတစ်ယောက်မဟုတ်လို့ မဟုတ်ပါဘူး။ ဒါဟာ ကျွန်မတို့အမှားလည်းမဟုတ်ဘူး။ ကလေးလေးတွေကို အသက်အရွယ်အလိုက် လူတစ်ဖက်သားဆန္ဒကို ထည့်တွက်စဉ်းစားပေးဖို့ ကျွန်မတို့သင်ပေးရမယ်။ ကျွန်မတို့သင်ပေးရင်းနဲ့ ကျွန်မတို့က စံပြအနေနဲ့ ရှေ့ကလုပ်ပြရမယ်ဆိုတာ တင်္ဒဂမေ့လျော့သွားခြင်းပါပဲ။ တစ်ခါတစ်လေလည်း ငါအမေပဲဆိုတဲ့စိတ်တွေလည်း ခေါင်းထောင်ထောင်ထလာတာပေါ့ဗျာ။

ကျွန်မပြန်ဆန်းစစ်ရပါတယ်။ သမီးပြောတဲ့ ဘာကိုလိုက်လုပ်ပေးလို့ရတယ် ဘာကိုလိုက်လုပ်ပေးလို့မရဘူး စတာတွေပေါ့။ လိုက်လုပ်ပေးလို့ရတယ် သင့်တော်တယ်ဆို ကျွန်မလိုက်လုပ်ပေးလိုက်တယ်။ လိုက်လုပ်ပေးလို့မရသေးဘူးဆိုရင်တော့ ကျွန်မက ဘာကြောင့်မရဘူးဆိုတဲ့အကြောင်းကို သူမနားလည်အောင်ရှင်းပြရပါတယ်။ ကလေးဆိုတဲ့အတိုင်း ရှင်းပြတိုင်းတော့ဘယ်နားဝင်ပါ့မလဲနော်။ ဒါပေမဲ့ ဘာကြောင့်ဆိုတာကိုပြောပြတတ်တဲ့အကျင့်တစ်ခုကိုပျိုးထောင်ခဲ့တာ နှစ်ချီကြာပါတယ်။ အကျိုးဆက်က သူတို့လေးတွေဟာ ပြောတဲ့စကားကို နားထောင်ပေးတတ်လာတယ်။ အကြောင်းပြချက်တွေရှိတတ်ကြောင်းသိလာတယ်။ ကလေးကိုပဲ သင်ကြားပေးနေရုံနဲ့မပြီးဘူး မဟုတ်လား။ ကျွန်မ ကိုယ့်ကိုကိုယ်လည်း ပြန်သင်ပါတယ်။ ကလေးစကားကိုအလေးထားဖို့ ကလေးဆန္ဒတွေကိုလည်းထည့်စဉ်းစားဖို့ ကလေးတောင်းဆိုတာတွေကိုလုပ်ပေးဖို့။

ခုတော့ ကျွန်မဆံပင်မြင်တိုင်း ကျွန်မသမီးလေးကတော့ပြုံးနေတာပါပဲ။ ကျွန်မကလည်း သူဖြစ်ချင်တာလေးကို လုပ်ပေးခွင့်ရလို့ကျေနပ်တယ်။

ဖြစ်ရပ်က ရိုးစင်းပါတယ်။

ဒါပေမဲ့ ကလေးအမေမို့ ကိစ္စတိုင်းရဲ့နောက်ကွယ်မှာ သူ့အဓိပ္ပာယ်လေးတွေနဲ့သူရှိနေတတ်တာလေးတစ်ခုပဲ။

မေဂျူး

1.12.2019 (Sunday)

သမီးလေး ၄နှစ် ၅လပြည့်ဖို့ တစ်ရက်အလို

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *