မနေ့က အလုပ်အပြန် ကားပေါ်မှာတွေးမိတယ်..
ခုချိန် အိမ်ထောင်သာမကျ ကလေးမရသေးရင် ကိုယ့်အလုပ်အကိုင်နဲ့ဆို ငွေကိုရေလိုသုံးနေနိုင်မှာပဲလို့..
ခုတော့ ညနေအလုပ်ပြန်တာနဲ့ ရေခဲသေတ္တာထဲက ကလေးနွားနို့ဘူးဘယ်နှစ်ဘူးကျန်လဲ စိတ်ကူးနဲ့ရေကြည့်ရင်း လကုန် ဒိုက်ပါဝယ်ဖို့လောက်ပဲ ခေါင်းထဲရှိတော့တယ်..
အရင်လို လကုန်ရင် ဘာတွေဝယ်ပစ်မယ် ဘာတွေစားပစ်မယ်ဆိုတာတွေ သူ့အလိုလိုပျောက်ကုန်တာပါပဲ..
အလုပ်လုပ်နေတာကတော့ ဆယ်ကျော်သက်ကတည်းကလုပ်နေတာမို့ ကိုယ့်အတွက် မထူးဆန်းလှဘူး..
ဒါပေမဲ့ တစ်ခါ တစ်ခါကျ လစာတွေအကုန်သုံးတာတောင် ဘာလို့မလောက်လဲဆိုတာစဉ်းစားတိုင်း ခေါင်းကိုက်ရတယ်..
နောင်တရနေတာလား ဆိုတော့… မဟုတ်ပါဘူး..
ခုချိန်မှာ သမီးလေးမရှိရင် ခုလိုအခြေအနေမျိုးဖြစ်လာစရာမရှိဘူး..
နေပျော်ရာမှာ နေပျော်သလိုကြီးနေပြီး ကြိုးစားချင်တာတွေ ဖြစ်ချင်တာတွေ အောင်မြင်ချင်တာတွေ ဘာဆိုဘာမှမရှိတဲ့အတွက် ခုချိန်မှာ ဒီလိုဖြစ်လာစရာမရှိဘူး..
စာတွေလည်း ရေးဖြစ်မှာမဟုတ်ဘူး..
ရာထူးလည်း တိုးမှာမဟုတ်ဘူး..
သမီးရဲ့မေမေသာမဖြစ်ခဲ့ရင် မျက်မှန်နဲ့ ဆံပင်ရှည်နဲ့ကောင်မလေးကနေ မျက်မှန်နဲ့ဆံပင်ရှည်နဲ့ မိန်းမကြီးတစ်ယောက်ပြောင်းသွားရုံလောက်ပဲရှိမှာ..
ကိုယ့်မှာ လကုန်ဆိုတာတွေ ဘာဝယ်ရမှာမို့ ဘာလုပ်ရမှာမို့ နောက် ၆လနေရင် တစ်နှစ်ဆိုရင် နောက်ငါးနှစ်ဆိုတာတွေ ခေါင်းထဲမှာတစ်ခုမှရှိမှာမဟုတ်ဘူး…
အလုပ်သွားဖို့ကားခရှိရင် အိမ်ပြန်ရောက်ရင် စာအုပ်ဖတ်နေရရင်ကို ကျေနပ်နေခဲ့သူမျိုး..
အခုတော့ ကိုယ့်မှာ စာရင်းဇယားတွေကို နောက်၂နှစ်စာထိဆွဲပြီးနေပြီ..
သမီးလေးကျောင်းတက်ရင် သမီးလေး မူလတန်းရောက်ရင် သမီးလေးအလယ်တန်းရောက်ရင် သမီးလေးကျောင်းပြီးရင် သမီးလေးတက္ကသိုလ်တက်ရင် ဒါတွေအကုန်လုံးအတွက် ခေါင်းထဲမှာ ကြပ်ခဲနေအောင် ထည့်သိပ်ထားတယ်..
လကုန်ရင် လဝက်ရောက်ရင် ညနေရောက်ရင် နောက်တစ်နာရီဆိုရင်ကအစ ခေါင်းထဲမှာ plan တွေရှိတတ်လာတယ်..
ကျန်းမာရေးတွေ ဂရုစိုက်တတ်လာတယ်..
ဒီ့ထက်မက အောင်မြင်ချင်တယ်..
ဒီ့ထက်မက အလုပ်ခွင်မှာ ကိုယ့်လုပ်နိုင်စွမ်းတွေကို လုပ်ပြချင်သေးတယ်..
ဒီ့ထက်သာလွန်တဲ့အလုပ်တွေကိုလည်း မျှော်မှန်းနေမိပြန်တယ်..
တစ်နေ့သမီးလေးအမြင်မှာ ကိုယ့်ကိုဘယ်လိုမြင်မှာထက် သမီးလေးက ကိုယ့်အမြင်မှာ ပြည့်စုံနေဖို့ကို အစွမ်းကုန်လုပ်ပေးချင်တယ်..
ဒါကြောင့် ရင်ထဲမှာ နှလုံးသားထဲမှာ ဦးနှောက်ထဲမှာ plan ပေါင်းများစွာ ဆွဲထည့်ထားတယ်..
Plan A B C D အများကြီးပဲ ဆွဲထားတယ်..
တစ်ခါတစ်လေ ပုံမှန်ဖြတ်သန်းနေတဲ့ ပုံမှန်ဆိုတာလေးနဲ့ ရောင့်ရဲမနေဖို့လဲ ကိုယ့်ကိုကိုယ်အမြဲသတိပေးနေရတယ်..
ဒါကြောင့် ဘေးက ဘာမှမလိုအပ်တဲ့အရာတွေက ရည်မှန်းချက်တွေပျက်ပြားအောင် အနှောက်အယှက်မပေးနိုင်စေဖို့ လုပ်ရမှာတွေကို ဦးနှောက် နှလုံးသား သူ့နေရာနဲ့သူ အကန့်တွေခွဲပြီး သေချာစီရီထည့်ထားတယ်..
ဒါမှပဲ မလိုလားအပ်တာတွေ မစဉ်းစားမိ မခံစားမိတော့မှာ…
သမီးငယ် ကျန်းမာရေးက တစ်
ပျော်ရွှင်မှုက နှစ်
ပညာရေးက သုံး
တစ်နှစ်ထက်တစ်နှစ် ပိုပိုတော်လာတဲ့မေမေဖြစ်ဖို့ကတော့ ကိုယ့်ရဲ့ Main objective ပေ့ါလေ..
ပြေးနိုင်သလောက် အစွမ်းကုန်ပြေးပစ်ဦးမယ်…
မေဂျူး
16.11.18 (Fri)
သမီးလေး ၃နှစ် ၄လ ၁၄ရက်

